မြန်မာနိုင်ငံ၏ ၂၀၂၃ ဂျီဒီပီ ဖွံ့ဖြိုးနှုန်းက ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ADB ခန့်မှန်း 

မြန်မာနိုင်ငံ၏ ၂၀၂၃ ဂျီဒီပီ ဖွံ့ဖြိုးနှုန်းက ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ADB ခန့်မှန်း 

မြန်မာနိုင်ငံ၏ ၂၀၂၃ အတွက် ဂျီဒီပီ ဖွံ့ဖြိုးနှုန်းသည် ၂၀၂၂ က ၂ ရာခို်ငနှုန်း ရှိခဲ့ရာမှ အနည်းငယ် တက်ပြီး ၂၀၂၃ တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းသည်။ 

၂၀၂၃ အတွက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ၌ ၁၆ ရာခိုင်နှုန်း ရှိသည်မှ ကျဆင်းပြီး ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ADB က ခန့်မှန်းထားသည်။ 

အာရှက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ၌ ၄ ဒသမ ၄ ရာခိုင်နှုန်း ရှိသည် ADB က ပြောပြီး ယခုနှစ် ငွေကြေးဖောင်းပွမှုက ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းကာ လာမည့်နှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းသို့ နောက်ထပ် ကျဆင်းလိမ့်မည်ဟု ADB က ခန့်မှန်းသည်။ 

ယခုနှစ် အာရှ၏ ဖွံ့ဖြိုးမှုသည် မျှော်လင့်ထားသည်ထက် ပို၍ မြင့်မားလိမ့်မည်ဟု ADB က မျှော်မှန်းထားသည်။ 

ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်း အကျပ်အတည်းက အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အလားအလာအပေါ် သက်ရောက်လိမ့်မည်ဟု ADB ၏ အာရှဖွံ့ဖြိုးမှု သုံးသပ်ချက် နောက်ဆုံးအစီရင်ခံစာတွင် ဆိုထာသည်။ 

အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၂၂ တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ၂၀၂၃ တွင် နှုန်းထား ပိုမြင့်မားနိုင်သည်။ 

တရုတ်၏ စီးပွားရေး ပြန်လည်ဦးမော့မှုသည် မျှော်လင့်ထားသည်ထက် အားကောင်းပြီး အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အလားအလာကို ပို၍ အာ‌ေးကာင်းစေလိမ့်မည် ဖြစ်သည်။ 

တရုတ်၏ ဖွံ့ဖြိုးနှုန်းကို ၄ ဒသမ ၃ ရာခိုင်နှုန်း ယခင်က ခန့်မှန်းထားရာမှ ၅ ရာခိုင်နှုန်းသို့ ယခု အစီရင်ခံစာတွင် ADB က ပြောင်းလဲခန့်မှန်းခဲ့သည်။ 

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး အပါအဝင် တရုတ်၏ စီးပွားရေး ပြန်လည်ဖွင့်လှစ်ခြင်းက ဒေသတွင်း ဖွံ့ဖြိုးနှုန်းကို ခိုင်မာစွာ ထောက်ကူပြုလိမ့်မည် ဖြစ်သည်။ 

တရုတ်မှ လွဲ၍ အာရှကျန်ဒေသများ၏ ဖွံ့ဖြိုးနှုန်းသည် ပြီးခဲ့သည့်နှစ်က ၅ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ အနည်းငယ် ကျဆင်းပြီး ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။ 

အာရှတွင် တောင်အာရှဒေသသည် ဖွံ့ဖြိုးနှုန်း အမြင့်ဆုံးအဖြစ် ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဖြစ်ကာ အိန္ဒိယက ၆ ဒသမ ၄ ရာခိုင်နှုန်း ဖွံ့ဖြိုးနှုန်း ရှိမည်ဖြစ်သည်။ 

ယူကရိန်းစစ်ပွဲနှင့် ကမ္ဘာဘဏ်လုပ်ငန်း အကျပ်အတည်းတို့အားဖြင့် ကြုံတွေ့နေရသော ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းအပါအဝင် စိန်ခေါ်မှုများကို အာရှဒေသက ရင်ဆိုင်နေရဦးမည်ဟု ADB က သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required