ဘီးလင်းတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွား

ဘီးလင်းတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွား

မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိတွင် ဧပြီလ ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာ ကေလာသတောင် ခြေ ဘိုးဘိုးကြီးနတ်နန်းအနီးတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် နတ်နန်း၏ နံရံများပြိုကျခဲ့ပြီးကြောက်လန့်၍ထွက်ပြေးရာတွင် ထိခိုက်မိသဖြင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

“ပေါက်တာက ဘိုးဘိုးကြီးနတ်နန်းမှာ။ သုံးယောက်ဒဏ်ရာရတယ်။ ကြောက်ပြီးပြေးတော့ အချင်းချင်း ထိခိုက်တာတို့ လဲကျတာတို့ကြောင့် ဒဏ်ရာရတာပါ ဗုံးစ စင်တာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ထို့ပြင် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ တောင်စွန်းပန်းခြံအဝင်အပေါက်ဝတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပန်းခြံအနီးတွင် ရေကစားနေသော အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး လက်တွင် ဗုံးစထိမှန်ဒဏ်ရာရခဲ့၍ တောင်စွန်းတိုက်နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

“တောင်စွန်းပန်းခြံမှာ ဗုံးတစ်လုံးပေါက်တယ်။ ကလေးတစ်ယောက် အစထိပြီး ဒဏ်ရာရသွားတယ်” ဟု တောင်စွန်းကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဘီးလင်းမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စစ်ကောင်စီ လော်ဘီချန်နယ်များတွင် KNU ၊ PDF များမှ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားပြီး ဗုံးဖောက်ခွဲမှုများအား ပြုလုပ်ခဲ့သော PDF ရှစ်ဦး နှင့်ကားတစ်စီးအား တောင်ကြီးကျေးရွာတွင်ဖမ်းဆီးရမိခဲ့၍ စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဖော်ပြထား ကြောင်း တွေ့ရသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းထံ မဇ္ဈိမမှဆက်သွယ်မေး မြန်းရာတွင် “အဲဒါတော့ စုံစမ်းနေတုန်းပါပဲ” ဟု ပြန်လည်ဖြေကြားသည်။

စစ်ကောင်စီမှကျင်းပသော ယခုနှစ်သင်္ကြန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ၊ ဘီးလင်းနှင့်ကျိုက်ထိုမြို့ နယ်တို့၌ ပါဝင်ဆင်နွှဲသည့် ဒေသခံပြည်သူ မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly