လီဗာပူးလ်တိုက်စစ်မှူး စတူးရစ်ကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ပစ်မှတ်ထား

လီဗာပူးလ်တိုက်စစ်မှူး စတူးရစ်ကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ပစ်မှတ်ထား

မတ် ၂၄၊ ပဲရစ် ။               ။ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် လီဗာပူးလ်တိုက်စစ်မှူး ဒန်နီရယ် စတူးရစ်ချ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ကမ္ဘာ့မီဒီယာများက ဖော်ပြလျက်ရှိသည်။

စတူးရစ်ချ်၏ ခြေစွမ်းကို စောင့်ကြည့်ရန်အတွက် ပီအက်စ်ဂျီအသင်းက ဘောလုံးကင်းထောက်များကို အင်္ဂလန်နှင့်ဟော်လန်ပွဲစဉ်သို့ စေလွှတ်ထားသည်ဟုလည်း သတင်းများက ဆိုသည်။

ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူးများဖြစ်သော အီဗရာဟီမိုဗစ်ချ်နှင့် ကာဗာနီတို့သည် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့်အတွက် နည်းပြ လောရင့်ဘလန့်မှာ တိုက်စစ်မှူးသစ်များ ရှာဖွေနေပြီး စတူးရစ်ချ်မှာ ပီအက်စ်ဂျီအသင်းအလိုရှိသည့် တိုက်စစ်မှူးများထဲမှ တစ်ဦး ဖြစ်သည်။

သို့သော် စတူးရစ်ချ်သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း သုံးနှစ် ရှိနေသေးသည့်အတွက် ပီအက်စ်ဂျီအသင်းမှာ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူရန် များပြားသည့် ပြောင်းရွှေ့ကြေး အသုံးပြုရဖွယ်ရှိနေသည်။

စတူးရစ်ချ်သည် လီဗာပူးလ်တွင် ခြေစွမ်းပြကစားနိုင်သော်လည်း မကြာခဏ ဒဏ်ရာရနေသည့်အတွက် အသင်းပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး အသင်းပြောင်းရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly