မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်လေကြောင်းမှ ဗုံကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၃ ဦးသေဆုံး

By ပါခွီး (မဇ္ဈိမ)
17 April 2023
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်လေကြောင်းမှ ဗုံကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat က ထုတ်ပြန်ထားသည်။

ဧပြီလ ၁၆ ရက် ညနေ ၃ နာရီ မှ ၄ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် မင်းတပ်မြို့နယ်၊ တိုက်နယ်(၁)၊ ပန်းပါကျေးရွာသို့ ခြောက်ကြိမ်လာရောက်ပြီး ဗုံး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် အသက် (၇၀) အမျိုးသမီးတစ်ဦး၊ ၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးရကာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်းခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းပြီး ခုနစ်လုံးပျက်စီးကာ စုစုပေါင်းနေအိမ်ကိုးလုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့တွင်တပ်စွဲထားသည့် ခလရ (၂၇၄) ရှိ စစ်ကောင်စီတပ်ဖွဲ့မှလည်း လက်နက်ကြီးများဖြင့် ကျေးရွာများဖက်သို့ ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဟောင်ဝင်ဇာအမြောက်ဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ဆက် တိုက်ပြုလုပ်နေသည်။

ထို့ကြောင့် ၎င်းပစ်ခတ်မှုအန္တရာယ်မှ ကာကွယ်နိုင်သည့် ပုန်းခိုကျင်းများ (သတ်မှတ်ထားသည့် စံနှုန်း အတိုင်း) တူထားရန် CDF – Mindat က အကြိမ် သတိပေးထုတ်ပြန်ထားသည်။

ယင်းအသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိသူများကို လိုအပ်သည့်အရေးယူမှုများပြုလုပ်တော့ မည်ဖြစ်ကြောင်းနှင့် အမြန်ဆုံးတူးထားကြပါရန် ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မင်းတပ်

#လေကြောင်း

#ဗုံးကြဲ

#ဒေသခံ

#ပုန်းခိုကျင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly