ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုကို KNU တပ်မဟာ (၅) ရှုတ်ချ၊ တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲတိုက်ခိုက်သွားမည်ဟုဆို

ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုကို KNU တပ်မဟာ (၅) ရှုတ်ချ၊ တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲတိုက်ခိုက်သွားမည်ဟုဆို

ပဇီကြီးကျေးရွာကို လေကြောင်းမှတိုက်ခိုက်မှုအားရှုတ်ချလိုက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း သည်အထိ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဟု KNU တပ်မဟာ(၅) မူတရော် ခရိုင်က နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်သူများအပေါ်စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို တပ်မဟာ(၅)အနေဖြင့် ကန့် ကွက်ရှုတ်ချကြောင်း၊ ဗုံးကြဲတိုက်ခိုက်ခံရသည့် မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း၊ ပြည်သူများ ဖိနှိပ်ခံရမှုမှလွတ်မြောက်နိုင်ရန် အသက်စတေးခဲ့ရသူများကိုလည်း လေးစားဂုဏ်ပြုကြောင်း ဆိုသည်။

“မင်းအောင်လှိုင်ခေါင်းဆောင်သည့် လက်ရှိစစ်ကောင်စီ၏ လုပ်ရပ်များသည် ၎င်းတို့၏ မဟာလူမျိုးကြီး ဝါဒနှင့် စစ်အာဏာရှင် စနစ်တည်မြဲရေးအတွက်သာဖြစ်သောကြောင့် မိမိတို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်သောအင်အားစုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါ သည်” ဟု KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီအားထိရောက်သည့် အရေးယူမှုများပြုလုပ်နိုင်ရန် နိုင်ငံတကာ ဘုံစုစည်းမှုတစ်ရပ်စုစည်းပြီး လက်တွေ့ကျကျဆောင်ရွက်ရန်လိုအပ်ကြောင်း ဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်က တိုင်းရင်းသားဒေသများတွင်သာမက ဗမာတိုင်းရင်းသား များနေထိုင်ရာ တိုင်းဒေသကြီးနှင့် မြို့ပြဒေသများတွင်ပါ နယ်မြေရှင်းလင်းရေး အကြောင်းပြုပြီး အပြစ်မဲ့ ပြည်သူများကို မတရားတိုက်ခိုက် သတ်ဖြတ်နေသည်ဟု တပ်မဟာ (၅) ကဆိုသည်။

ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်း မှတိုက်ခိုက်သဖြင့် လူ ၁၇၀ ကျော် သေဆုံးပြီး ယင်းစာရင်းအနက် ကလေးငယ် ၄၀ ဦး၊ အမျိုး သမီး ၂၀ ဦးကျော်နှင့် ကိုယ်ဝန်ဆောင်သည်များလည်းပါဝင်ခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပဇီကြီးကျေးရွာကို လေကြောင်းမှ တိုက် ခိုက်ခဲ့ကြောင်း ဝန်ခံထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ပဇီကြီးကျေးရွာ

#လေကြောင်းတိုက်ခိုက်

#KNU

#တပ်မဟာ(၅)

#တော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly