ကလေးမြို့ပင်မသပိတ် လျှပ်တပြက်ဆန္ဒပြစဉ် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီး

By ပါခွီး (မဇ္ဈိမ)
17 April 2023
ကလေးမြို့ပင်မသပိတ် လျှပ်တပြက်ဆန္ဒပြစဉ် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် ကလေးမြို့ပင်မသပိတ်ကော်မတီမှ မြို့တွင်း၌လျှပ်တပြက် ဆန္ဒပြ နေစဉ် စစ်ကောင်စီတပ်ရောက်ရှိလာပြီး သေနတ်ဖောက်၍ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရ သည်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွက် ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်၌ ဆန္ဒပြစဉ် ဝင်ရောက်ဖမ်းဆီးရာ သပိတ်ကော်မတီမှ လေးဦးဖမ်းဆီးခံရပြီး တစ်ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ အဖမ်းဆီးခံရသူများမှာ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့ ဖြစ်ကြောင်း သိရသည်။

“သတင်းပေးတယ်လူရှိတယ်လို့ ယူဆစရာရှိတယ်။ သူတို့က အခြေအနေအကဲခတ်ပြီး အဆင်ပြေလောက် တယ်ဆိုမှ ဆန္ဒပြကြတာ။ အဲဒီချိန်မှာ စကစတွေရောက်လာပြီး သေနတ်ဖောက်ဖမ်းဆီးခဲ့တာဆိုတော့ သတင်းကြိုရထားလို့ အခုလို ရုတ်တရက်ဝင်ရောက်ဖမ်းနိုင်တာ”ဟု ကလေးမြို့ခံတစ်ဦးကဆိုသည်။

ယခုအဖမ်းခံရသူထဲမှ တစ်ဦးက၎င်း၏ နေအိမ်သို့ဝင်ပြီး ဝတ်စုံယူချိန် သတင်းပေးများက နောက်ယောင်ခံ လိုက်ပြီး ဆန္ဒပြနေရာကို သိရှိသွားဖြစ်နိုင်ကြောင်း ကလေးမြို့ခံ အခြားသတင်းရင်းမြစ်ထံမှ သိရသည်။

အဖမ်းဆီးခံရသူများထဲမှအချို့ကို ပင်မသပိတ်ကော်မတီအဖွဲ့ဝင်များ၏နေအိမ်များကို လိုက်လံပြသခိုင်း လျက်ရှိကြောင်းသိရပြီး ထပ်မံအဖမ်းဆီးခံရသူ မရှိသေးကြောင်းသိရသည်။

ဆန္ဒပြ၍ အဖမ်းဆီးခံရသူများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒစက)ကလေးတွင် ထိမ်းသိမ်းထား ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၆ ရက် နေ့စွဲဖြင့် ကလေးမြို့ပင်မသပိတ်အင်အားစုက ၎င်းတို့အဖွဲ့ဝင်များ ဖမ်းဆီးခံရ သဖြင့် ယင်းတို့နှင့် လူမှုကွန်ရက်တွင် ဆက်စပ်သူများ အချိန်မှီ ရှောင်တိမ်းနိုင်ရန် အသိပေးထုတ်ပြန်ထား သည်။

ကလေးမြို့ပင်မသပိတ်သည် စစ်အာဏာရှင်စနစ်ကို နည်းလမ်းမျိုးစုံဖြင့် သပိတ်မှောက်လျက်ရှိရာ ဧပြီလ ၁၆ ရက် ယမန်နေ့က ရက်ပေါင်း ၇၉၉ ရက် ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကလေးမြို့ပင်မသပိတ်

#ဆန္ဒပြ

#သေနတ်ပစ်ဖောက်ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly