ပဇီကြီးကျေးရွာတွင် လေကြောင်းမှတိုက်ခိုက်ခံရ၍ သေဆုံးသူများအတွက် ဖုန်းမှတစ်ဆင့် ရက်လည် တရားနာပြုလုပ်ရ

By ဂျူချန်း (မဇ္ဈိမ)
17 April 2023
ပဇီကြီးကျေးရွာတွင် လေကြောင်းမှတိုက်ခိုက်ခံရ၍ သေဆုံးသူများအတွက် ဖုန်းမှတစ်ဆင့် ရက်လည် တရားနာပြုလုပ်ရ
ဓါတ်ပုံ- ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ဆုံးရှုံးခဲ့ရသူများ (ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် လေကြောင်းမှတိုက်ခိုက်ခံရ၍ သေဆုံး သွားသူများအတွက် ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖုန်းမှတစ်ဆင့် တရားနာရေစက်ချ ပြုလုပ်ရကြောင်း ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။

“နေအိမ်တွေမှာလည်း မရှိကြဘူး။ တောထဲမှာဆိုတော့ တောထဲကိုလည်း ဘုန်းကြီးက မလာနိုင်ဘူး။ မလာနိုင်တဲ့ခါကြတော့ ဘုန်းကြီးကို ဖုန်းခေါ်ပြီးတော့ တရားနာရတယ်။ အဲ့ဒါပြီးမှ ရေစက်ချ အမျှဝေရ တယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ကျန်ရစ်သည့်မိသားစုဝင်များက ရှောင်ပုန်းနေရသည့်နေရာတွင် ရက်လည်ဆွမ်းကျွေးခြင်းပြုလုပ်ကြခြင်း ဖြစ်ပြီး သံဃာတော်အချို့က ဖုန်းမှတဆင့် ရက်လည်တရားဟောကြားပေးရခြင်းဖြစ်သည်ဟု သိရသည်။ ကျန်ရစ်သူမိသားစုဝင်အချို့မှာ သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီလ ၁၅ ရက်နေ့တွင် ဖုန်းမှတစ်ဆင့် ရက်လည် တရားနာရေစက်ချခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

“ရက်လည်ကတော့ ကျနော်တို့ အဲ့ဒီကို(ရက်လည်ကျင်းပသည့်နေရာ) မသွားနိုင်ဘူးခင်ဗျ။ ကျနော်တို့က ဒီဘက်မှာ ပုန်းနေရတော့ ရက်လည်ကို မလုပ်ရသေးဘူး။ ကျနော်တို့ ဝမ်းနည်းကြေကွဲပြီး သောကများ နေရပါတယ်။ စားဝတ်နေရေး မပြေလည်တာတစ်မျိုး၊ ပုန်းရတာကတစ်မျိုး ဝမ်းနည်းမှုတော်တော်ဖြစ် တယ်” ဟု အသက် ၂၅ နှစ်အရွယ် ညီငယ်အတွက် ယနေ့အထိ ရက်လည်တရားနာ မလုပ်ပေးရသေးသည့် အကြောင်းကို မိသားစုဝင်တစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၁၇ ရက် ည ၈ နာရီမှ ၈ နာရီ ၅ မိနစ်အထိ မီးပိတ်ကာ ငြိမ်သက်ခြင်းဖြင့် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းစာနာခြင်းအား ဖော်ပြ ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

ပဇီကြီးကျေးရွာတွင် စစ်ကောင်စီ၏လေကြောင်းမှတိုက်ခိုက်မှုကြောင့် အသက်ခြောက်လအရွယ် ကလေး ငယ်အပါအဝင် စုစုပေါင်း ၁၆၈ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၈၃ ဦးအပြင် အသက် ရှစ်နှစ်အရွယ် ကလေးငယ်အပါဝင် ၁၆ ဦး မှာ ပြင်းထန် ဒဏ်ရာရရှိထားကြောင်း ယမန်နေ့ကပြုလုပ်သည့် NUG ၏ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်လာသည့် စာရင်းအရ သိရသည်။

အဆိုပါဖြစ်စဉ်မှ မိသားစုဝင် ဆုံးရှုံးခဲ့ရသူများအပါအဝင် ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စိတ် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ကျန်းမာရေး တာဝန်ခံဒေါက်တာသူရက ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကန့်ဘလူမြို့နယ်

#လေကြောင်းတိုက်ခိုက်မှု

#ရက်လည်တရားနာ.

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly