ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ ၇၂ ဦးလွတ်မြောက်၊ နိုင်/ကျဉ်း ၁ ဦးသာ ပါဝင်

By 007 (မဇ္စျိမ)
17 April 2023
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ ၇၂ ဦးလွတ်မြောက်၊ နိုင်/ကျဉ်း ၁ ဦးသာ ပါဝင်

စစ်ခေါင်းဆောင်အမိန့်ဖြင့် ယနေ့ပြန်လွှတ်ပေးသည့် အကျဉ်းသား ၃,၀၀၀ ကျော်တွင် မန္တလေး အိုးဘိုထောင်မှ နိုင်/ကျဉ်းဟောင်း စာရေးဆရာသတင်းထောက်တစ်ဦးအပါအဝင် ၇၂ ဦးရှိကြောင်း၊ ထောင် နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“ကျားမ အားလုံးပေါင်း ၇၂ ယောက်စာရင်းတွေ့တယ်၊ အဲဒီထဲမှာ မနှစ်ကနှစ်ကုန်ခါနီး ထောင်နှစ်နှစ်ကျခဲ့ တဲ့ သတင်းထောက်တစ်ယောက်လည်းပါတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။

အကျဉ်းသား ကျား ၆၅ ဦးနှင့် မခုနစ်ဦး စုစုပေါင်း ၇၂ ဦး ပြန်လွှတ်ပေးသွားမည်ဟုသိရပြီး ၎င်းတို့ကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်လွှတ်ပေးနေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြန်လွှတ်ပေးသည့်အထဲတွင် နိုင်ငံရေးအကျဉ်းသားများလည်းပါဝင်မည်ဟုသတင်းထွက်နေသော်လည်း မွန်းလွဲပိုင်းအထိရရှိသောသတင်းများအရ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ သတင်းထောက် တစ်ဦးသာပါဝင်သည်ကို တွေ့ရသည်။

“သတင်းထောက်ဦးကြည်အောင် ပြန်လွတ်တဲ့အထဲ ပါလာတယ်။ သူက မန္တလေးစာနယ်ဇင်းလောကမှာ လူသိများတဲ့ဆရာကြီးတစ်ယောက်ပါ၊ အသက် ၇၀ ဆယ်ကျော်နေပြီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းကြီး လည်းဖြစ်တယ်၊ အခုတစ်ခေါက်ထောင်ကျတာလည်း နိုင်ငံရေးကိစ္စကြောင့်ပဲ” ဟု ၎င်းနှင့်နီးစပ်သတစ်ဦး ကပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းထောင်/အချုပ်ထောင် /စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့်၊ အကျဉ်းသား/သူ ၃,၀၁၅ ဦးတို့ကို ပြန်လွှတ်ပေးမည်ဖြစ် ကြောင်း ဧပြီ ၁၇ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။

ပြန်လွှတ်ပေးမည့်အကျဉ်းသားများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ် ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

#မန္တလေးအိုးဘိုထောင်

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly