NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လွတ်

By မောင်ခက်နွေ(မဇ္ဈိမ)
17 April 2023
NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လွတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးကျော်ဝင်းသည် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း နှင့်နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။

စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသူဖြစ်သည်။

ဦးကျော်ဝင်းနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်အား စစ်ကောင်စီလက်အောက်ခံတရားရုံးက နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ထောင် ဒဏ် ၃ နှစ် ချမှတ်ထားခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများအနက်မှ စီမံ/ဘဏ္ဍာဝန်ကြီး ဟောင်း ဦးစိုးဝင်းသည် ၂၀၂၂ ခုနှစ် အောက်တိုဘာက လွတ်မြောက်လာခဲ့ပြီး စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်မှာလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပြန်လည်လွတ်မြောက် ခဲ့ပြီးဖြစ်သည်။

စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းပြန်လွတ်လာသည့်အတွက် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆက်အောင် တို့သာ ထောင်ဒဏ်ဆက်လက်ကျခံနေရခြင်းဖြစ်သည်။

ဦးကျော်ဝင်းဟသည် NLD အစိုးရလက်ထက်က တိုင်ကြားခံရမှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ ၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့မှစတင်၍စစ်ဆေးခြင်းခံခဲ့ရသည်။

သို့သော် အဂတိလိုက် စားကြောင်း မတွေ့ရှိသဖြင့် ဦးကျော်ဝင်းအား အဂတိလိုက်စားမှုဖြင့်အရေးယူ၍မရဟု ကော်မရှင်ကဆုံး ဖြတ်ခဲ့သည်။

ယင်းကဲ့သို့ တိုင်ကြာခံရပြီးတဲ့နောက်တွင် ဦးကျော်ဝင်းသည် နုတ်ထွက်စာတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။

ယနေ့ထုတ်ပြန်သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြေညာချက်၌ နောက်တကြိမ်ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေ သောပြစ်ဒဏ်များကိုပါ ပြန်လည်ကျခံရမည်ဆိုသည့် ခံဝန်ကတိ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ အကျဉ်းသား /သူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသလို နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦးတို့ကို လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း

#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

#နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ

#ရမည်းသင်းအကျဉ်းထောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly