ရန်ကုန် အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်၊ နိုင်/ကျဉ်းနှင့် ပုဒ်မ ၅၀၅ များ ပါဝင်လာခြင်း မရှိသေး

By ဂန္ဒမာ (မဇ္ဈိမ)
17 April 2023
ရန်ကုန် အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်၊ နိုင်/ကျဉ်းနှင့် ပုဒ်မ ၅၀၅ များ ပါဝင်လာခြင်း မရှိသေး

နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၃,၀၀၀ ကျော်အား မြန်မာ့နှစ်ကူးအထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု ကြောင်း စစ်ကောင်စီမှကြေညာပြီးနောက် ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ဝန်းကျင်ပြန် လည်လွတ်မြောက်လာသော်လည်း ထိုထဲတွင် နိုင်ကျဉ်းနှင့် ပုဒ်မ ၅၀၅ များ လွတ်ငြိမ်းတွင်ပါဝင်လာခြင်း မတွေ့ရကြောင်း ရှေ့နေအသိုင်းအဝိုင်းက ပြောကြားသည်။

“နိုင်ငံရေးအကျဥ်းသား တစ်ယောက်မှမပါဘူး။ ၅၀၅-က တွေလည်း မပါဘူးတဲ့။ မူးယစ်တွေပါသတဲ့။ ဘာမှ ကိုမပြောချင်တော့ဘူးဗျာ ဆိုးဝါးလွန်းပါတယ်။ အကျဉ်းသားဘယ်နှစ်ဦးလွတ်လာလဲဆိုတာကို အတိ အကျတော့ မေးနေတုန်းပါ” ဟု ရှေ့နေကြီးတစ်ဦးကမဇ္ဈိမကို ဖြေကြားသည်။

မြန်မာ့နှစ်သစ်ကူးတွင် လွတ်ငြိမ်းမပေးခဲ့ပါက(သို့မဟုတ်) လွတ်ငြိမ်းပေးသော်လည်း လူသတ်မှု၊ မူးယစ်မှု စသည့်ပြစ်မှုကြီးများမပါဝင်လျင် ထောင်ဆူပူမှုပြုလုပ်ရန်စီစဉ်ထားသဖြင့် ၅၀၅(က)နှင့် လွတ်ရက်နီးသူ များပင် ပါဝင်လာခြင်းမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရှေ့နေကြီးက ပြော သည်။

“အကျဉ်းသားတွေကို စေတနာနဲ့လွှတ်ပေးတာမဟုတ်ဘူး။ ဘာဖြစ်လို့လွှတ်ပေးလဲဆိုတော့ မြန်မာနိုင်ငံ က ထောင်တိုင်း၊ စခန်းတိုင်းမှာ အကျဉ်းသားတွေက များနေပြီ။ များနေတဲ့အတွက် အကျဉ်းသားတွေ လျှော့ရမယ်။ လျော့သွားတဲ့နေရာတွေမှာ လူတွေထပ်ဖြည့်လို့ရမယ်။ ဖမ်းချင်တဲ့ CDM တွေ၊ နိုင်ငံရေး သမားတွေ၊ လှုပ်ရှားတက်ကြွသူတွေကိုဖမ်းပြီး အဲဒီနေရာကိုထည့်မယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်းမှာ သူတို့အုပ်ချုပ်တဲ့ ကာလတွေကြည့်လိုက်ရင် အဲဒီအတိုင်းပဲ။ အခုခေတ်ကြတော့ ပိုဆိုးတာပေါ့။ ထင်သာမြင်သာရှိတယ်။ ဒီနိုင်ငံက ခိုးဆိုးနှိုက်တွေကို ခွင့်ပြုတဲ့နိုင်ငံဖြစ်နေတာ အားလုံးအသိပဲလေ။ လွတ် လာတဲ့သူတွေက ချက်ခြင်းတစ်ခါတည်း ပြစ်မှုကျူးလွန်မယ်။ သူတို့ကိုဖမ်းနိုင်ရင်တော့ ထောင်ထဲပြန် ရောက်မယ်။ မဖမ်းနိုင်ရင်တော့ လွတ်နေမယ်။ အဲ့တော့ ဒီနေ့လွှတ်ပေးတဲ့သူတွေက အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို လျှော့တာပဲဖြစ်တယ်။ ကျေးဇူးတင်စရာမလိုဘူး” ဟု နှစ် ၂၀ ကျော် ထောင်ကျခဲ့ဖူး သော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက သုံးသပ်သည်။

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပြုသော ကြေညာချက်တွင် နောက်တကြိမ် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေ သော ပြစ်ဒဏ်များကိုပါ ပြန်လည်ကျခံရမည့်ခံဝန်ကတိ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ အကျဉ်းထောင်/ အချုပ် ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၃၀၁၅ ဦး အား ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးသလို နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦးတို့အားလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး ၍ ပြည်နှင်ဒဏ်ပေးခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်

#နိုင်ငံရေးအကျဉ်းသား

#ပုဒ်မ၅၀၅

ဓာတ်ပုံ - ပုံဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly