အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဗိုလ်မှူးအဆင့်ရှိသူ၏နေအိမ် ဓားပြတိုက်ခံရ

By မင်းထက် (မဇ္စျိမ)
17 April 2023
အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဗိုလ်မှူးအဆင့်ရှိသူ၏နေအိမ် ဓားပြတိုက်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ အရာရှိတစ်ဦး၏နေအိမ် ယမန်နေ့ ဧပြီလ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း တပ်တွင်းသတင်းရင်းမြစ် များထံမှ သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် တောင်ပေါ်စျေးအနီးရှိ အရာရှိရိပ်သာမှ ဗိုလ်မှူးအောင်ကောင်းစံ၏ နေအိမ် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါနေအိမ်၌ ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးကြီးတစ်ဦးတည်းရှိနေသည့်အချိန် ဓားပြတိုက်ခံခဲ့ရ ခြင်းဖြစ်ပြီး ရွှေ၊ ငွေနှင့် လက်ဝတ်လက်စားများအား ဓားပြတိုက်သူက ယူဆောင်သွားသည်ဟု ဆိုသည်။

“ဗိုလ်မှူးရှိလား ဗိုလ်မှူးရှိလားဆိုပြီး အိမ်ထဲကိုဝင်လာပြီး အဖွားကြီးကို ဓားနဲ့ထောက်ပြီး ရွှေတွေငွေတွေ ဘယ်မှာ ထားလဲလို့မေးတယ်။ အဖွားကြီးက အောက်တစ်ပိုင်းသေနေတော့ ကြောက်ပြီးရုန်းတာမှာ ဓား ထိတော့ သတိလစ်သွားတယ်။ ဓားပြက တစ်အိမ်လုံးမှာရှိတဲ့ ရွှေငွေတွေယူပြီးပြန်သွားတယ်လို့ သိရ တယ်။ အဖွားကြီးက အဲ့ဒီဗိုလ်မှူးရဲ့ ယောက္ခမလား အမေလားတော့ မသိဘူး"ဟု သတင်းရင်းမြစ်ကပြော သည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းပြုလုပ်သည့် သင်္ကြန်မဏ္ဍပ်ပိတ်ပွဲသို့ ဗိုလ်မှူးအောင်ကောင်းစံ သွားရောက်နေသည်ကို ဓားပြတိုက်သူက အတိအကျသိရှိ၍ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက် ပြောသည်။

ဓားပြတိုက်ခံရပြီးနောက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဗိုလ်မှူးအောင်ကောင်းစံဆိုသူ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဓားပြတိုက်ခံရသည်ကို သိရှိခဲ့သဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ထိစပ်နေ သည့် ကျေးရွာဝင်ပေါက်ထွက်ပေါက်များအား ပိတ်ဆို့ခြင်း၊ တပ်ဝန်းအတွင်း ပိတ်ဆို့ရှာဖွေခြင်းများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

“သိသိချင်းမှာ အင်အားတော်တော်များများနဲ့ တပ်ထဲကဂိတ်တွေမှာ ကင်းကျနေတဲ့ စစ်သားတွေကို လိုက် စစ်တယ်။ တာဝန်ချိန်မှာ ပျောက်နေတဲ့လူတွေကိုစစ်ထုတ်ပြီးရှာတော့ တပ်သားတစ်ယောက်က ပျောက် နေတယ်။ ဓားပြတိုက်ခံရတဲ့ အဖွားကြီးပြောတဲ့ လူပုံစံအဝတ်အစားတွေနဲ့ ပျောက်နေတဲ့ တပ်သားနဲ့ တိုက်စစ်ကြည့်တော့ ကွက်တိဖြစ်နေလို့ ဖမ်းသွားကြတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့နောက် ဓားပြတိုက်သည်ဟုယူဆရသည့် စစ်ကောင်စီတပ်သားအား တစ်ညလုံးနီးပါး ရိုက်နှက်ကာ တပ်ဥပဒေအရအရေးယူရန် အနောက်တောင်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူများက လုပ်ဆောင်နေကြ သည်ဟု တပ်တွင်းသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း

#ပုသိမ်မြို့

#အရာရှိနေအိမ်

#ဓားပြမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly