မူဆယ်မြို့မရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပွား

By ဂျူချန်း (မဇ္ဈိမ)
17 April 2023
မူဆယ်မြို့မရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ မြို့မရဲစခန်း၌ ယမန်နေ့ ဧပြီလ ၁၆ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အမည်မသိအဖွဲ့တစ်ဖွဲ့က မူဆယ်မြို့မရဲစခန်းအား ဟိုနားရပ်ကွက်၊ နတ်စင်ကုန်းနှင့် ဂေါက်ကွင်းဘက်မှ ၄၀ မမများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

“ည ၈ နာရီ ၄၀ မှာ ရဲစခန်းအနောက်ဘက်ကို ၄၀ မမ နှစ်လုံးလောက်စပစ်ပြီးတော့ ပစ်ကြတာ၊ လက်နက်ငယ်တွေနဲ့ပါ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တဲ့အထိပါဖြစ်တာ။ အရပ်သားထိခိုက်မှု ရှိတယ်လို့ ကြားတယ်။ နာရီဝက် ၄၅ မိနစ်တော့ တောက်လျှောက်ပစ်တာ။ ကြိုကြားကြိုကြား စခန်းကနေ သူ့ဟာသူ လျှောက်ပစ်နေတာကလည်း ရှိသေးတယ်။ ပြည်သူ့စစ်တွေကလည်း ကားတွေဘာတွေ မရပ်တာဆို ပစ် တယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်မှုရှိနိုင်ကြောင်းနှင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ မသိ ရသေးကြောင်း ဆိုသည်။

ထိုပစ်ခတ်မှုအား Tactic of MUSE - မူဆယ်ဗျူဟာအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ အထိခိုက်မှုရှိနိုင်ပြီး အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

“သူတို့ဖက်ကတော့ အထိအခိုက်များတယ်။ သေဆုံးလည်း ကြားတယ်။ အတည်ပြုချက်တော့ မရဘူး။ ကျွန်တော်တို့ဖက်ကတော့ အထိအခိုက်ဒဏ်ရာရ လုံးဝမရှိပါဘူး” ဟု မူဆယ်ဗျူဟာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မူဆယ်မြို့မရဲစခန်းသည် ယမန်နှစ် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကလည်း ၄၀ မမ ဗုံးပစ်လောင်ချာ သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။

မူဆယ်မြို့တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး မတ်လ ၃ ရက်နေ့က မူဆယ်ခရိုင် လ.ဝ.က ရုံးအား မူဆယ်ဗျူဟာအဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ မတ်လ ၃၁ ရက်နေ့တွင် မူဆယ်မြို့ သိန်းသန်းချီကားဝင်းရှိ ပြည်သူ့စစ်အဖွဲ့အား လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ယင်းပစ်ခတ်မှုအတွင်း ပြည်သူ့စစ်နှစ်ဦးသေဆုံးပြီး အရပ်သားနှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့သေး သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်

#မူဆည်မြို့

#မြို့မရဲစခန်း

#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly