ခလရ (၅၁) ခြေလျင်တပ်ရင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းမှ တိုက်ခိုက်

By မင်းထက် (မဇ္စျိမ)
17 April 2023
ခလရ (၅၁) ခြေလျင်တပ်ရင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းမှ တိုက်ခိုက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အခြေစိုက် အမှတ်(၅၁) ခြေလျင်တပ်ရင်းအား တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းက ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းက ခလရ (၅၁) တပ်ရင်းအား 79 ဗုံးပစ်လောင် ချာ၊ ၄၀ မမ ဗုံးသီးသုံးလုံးဖြင့် ပစ်ခတ်ခဲ့ပြီး တပ်အတွင်းပိုင်း ပျက်စီးမှုအခြေအနေအသေးစိတ်ကို အတိ အကျမသိရသေးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်း၏ တပ်ခွဲ(၁)နှင့် တပ်ခွဲ (၃)မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ ဧပြီလ ၁၇ ရက် နံနက် ၄ နာရီခန့်က ခလရ(၅၁)အတွင်းမှ လက်နက်ကြီးပေါက်ကွဲသံများ ကြားရ ကြောင်း ဒေသခံများကပြောသည်။ ပေါက်ကွဲသံ သုံးချက်ဆက်တိုက်ကြားခဲ့ရပြီးနောက် သေနတ်ပစ်ခတ် သံများလည်းကြားရကြောင်း ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

“ပေါက်ကွဲသံတွေကြားပြီး သေနတ်သံတွေကြားရတယ်။ စစ်သားတွေ ရမ်းပစ်နေတာလား၊ PDF တွေနဲ့ စစ်သားတွေ အပြန်အလှန်ပစ်နေတာလားတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခပေါင်းစုံပေးလျှက်ရှိသော စစ်ကောင်စီတပ်များ၊ ရဲများ နေထိုင်ရာတိုင်းအတွင်းရှိ မည်သည့်နေရာတွင်မဆို မလုံခြုံကြောင်းသိပေးခြင်းနှင့် အမြင်မှန်ရပြီး ပြည်သူ့ ဘက်မှရပ်တည်လာနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“သီးခြားဖြေကြားလိုတာ မရှိပါဘူးဗျ။ တပ်ရင်းအနေနဲ့ ပထမအကြိမ်လုပ်တဲ့ စစ်ဆင်ရေးတော့ မဟုတ်ပါ ဘူး။ အရင်လုပ်ခဲ့တာတွေကို ဝန်ကြီးဌာနကို အစီရင်ခံတင်ပြပေးပါတယ်။ ကြေညာချက်တွေက အခုမှစ ထုတ်ဖြစ်တာပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်း တာဝန်ရှိသူတစ်ဦးကပြော သည်။

ပစ်ခတ်မှုအား ဧရာလှိုင်းစစ်ဆင်ရေးအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအပြီးတွင် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြစစ်ဆင်ရေး ဆောင်ရွက်နေသည့် တော်လှန်ရေးအဖွဲ့များ၊ ပကဖများ၊ LDF များနှင့် ကျောင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့် ဧရာလှိုင်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်နိုင် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းက ထုတ်ပြန်ချက်တွင် ဖိတ်ခေါ်ထား သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း

#မြန်အောင်မြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly