KNU ထိန်းချုပ်နယ်မြေ၌ မတ်လအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံး

By YT (မဇ္ဈိမ)
17 April 2023
KNU ထိန်းချုပ်နယ်မြေ၌ မတ်လအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများ၌ မတ်လအတွင်း တိုက်ပွဲအကြိမ်ရေ (၃၇၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ဧပြီလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မတ်လအတွင်း KNU အုပ်ချုပ်နယ်မြေ၊ တပ်မဟာအသီးသီးရှိ KNLA ၊ KNDO ၊ PDF များနှင့် စစ်ကောင်စီ တပ်အကြားဖြစ်ပွားခဲ့သော တိုက်ပွဲ(၃၇၃)ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၄၂၂ ဦး သေဆုံးခဲ့ကြောင်း ဖော် ပြထားသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၈ ဦးရှိပြီး KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ခုနစ်ဦး ကျဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လအတွင်း KNU တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်ကို နယ်မြေကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနှုန်း ပိုမိုမြင့် တက်လာခဲ့ကြောင်း KNLA တပ်မဟာ (၂) စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု တိုးများလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတို့သည်လည်း ပိုမိုများပြားလာ၍ ဒေသခံများ ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ကြောင်း လည်း ၎င်းက ပြောသည်။

“တပ်မဟာ(၂)မှာတော့ တိုက်ပွဲဖြစ်ပွားမှုကတိုးလာတာပေါ့၊ စစ်ကောင်စီတပ်က ရွာတွေထဲလက်နက် ကြီးနဲ့ ပစ်တာလည်း ပိုများလာပါတယ်" ဟု တပ်မဟာ (၂) နယ်မြေ စစ်ရေးသတင်းအရင်းအမြစ် မဇ္ဈိမကို ပြောသည်။

အလားတူ KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင်လည်း ကျေးရွာများအတွင်း စစ်ကြောင်း ထိုး၍ အရပ်သားပစ်မှတ်များအား လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဖမ်းဆီးမှုများပြုလုပ်နေသော စစ်ကောင်စီ တပ်အား KNLA ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားနှုန်း ပိုမိုမြင့်တက် လာကြောင်း သိရသည်။

“မတ်လအတွင်း တဖက်ရန်သူနဲ့တိုက်ပွဲဖြစ်ပွားမှုက ဖေဖော်ဝါရီလနဲ့ယှဉ်ရင် ပိုများပါတယ်” ဟု တပ်မဟာ (၃) နယ်မြေမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

ထို့ပြင် မတ်လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၄၀၀ နီးပါးတွင် KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန် ဒေသ၌ တိုက်ပွဲပေါင်း အကြိမ်ရေ ၁၉၀ အများဆုံး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ မယ်ခါးထာ့ကဲ့သို့သော သက်တမ်းရှည် ခြေကုတ်စခန်းအား KNLA က ပြန်လည်သိမ်းပိုက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း KNU အုပ်ချုပ်နယ်မြေများတွင် KNU လက်အောက်ခံ တိုက်ခိုက်ရေး တပ်ဖြစ်သော KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအကြိမ်ရေ (၄၂၀) ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၂၆၇ ဦး သေဆုံးကာ ၃၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#KNUတိုက်ပွဲချုပ်

#KNUမတ်လတိုက်ပွဲ

#ကရင်ပြည်နယ်

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly