အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော် ပြန်လွှတ်ပေးမည်ဟု စစ်ကောင်စီကြေညာ

By 001 (မဇ္စျိမ)
17 April 2023
အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော် ပြန်လွှတ်ပေးမည်ဟု စစ်ကောင်စီကြေညာ

မြန်မာနှစ်သစ်အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အာဏာ သိမ်းစစ်ကောင်စီက ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများအား နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ် အပြင် ယခုကျခံရန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရန်သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသူများတွင် နိုင်ငံခြားသား ၉၈ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၇၀၀၀ ကျော်ကို စစ်ကောင်စီကပြန်လွှတ်ပေးရာတွင် အကျဉ်းထောင် ၁၉ ခုထက်မနည်းမှ နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင်သာ လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ခဲ့သည်။

AAPP ၏ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၃၄၈ ဦးရှိပြီး ထိုအထဲမှ ၁၇၄၆၀ ဦးမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မြန်မာနှစ်သစ်အထိမ်းအမှတ်

#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly