နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရဲကင်းဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

By 001 (မဇ္စျိမ)
17 April 2023
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရဲကင်းဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေး ဘဏ်များလမ်း၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်အကျော်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းဂိတ်ကို ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ အပြစ်မဲ့ ပြည်သူ ၁၇၀​ ကျော်ကို စစ်​ကောင်စီက ​လေ​ကြောင်းအသုံးပြုပြီး အကြမ်းဖက်သတ်ဖြတ်ခဲ့သည့်အ​ပေါ် တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဂိတ်ကင်းတဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားခြောက်ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း စစ်တောင်းမြို့ပြပျောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

“ရဲခွေးခြောက်ကောင်ရပ်နေတဲ့ အလယ်တည့်တည့်ကိုပစ်သွင်းဖောက်ခွဲခဲ့တာပါခင်ဗျ။ အလင်းရောင်ရှိချိန်မလို့ ရဲခွေးတွေလဲကျသွားတာမြင်ရပါတယ်”ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ထရယ်ဂွန်ကပြောသည်။

လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယခု တိုက်ခိုက်မှုကို စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)နှင့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း အဆိုပါ အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဓာတ်အားခွဲရုံတစ်ခုကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly