သင်္ကြန်အကြတ်နေ့ မန္တလေးအခြေအနေ စကစမဏ္ဍပ်များမှအပ ခြောက်ကပ်တိတ်ဆိတ်ခဲ့ပြန်ဟုဆို

By 007 (မဇ္စျိမ)
15 April 2023
သင်္ကြန်အကြတ်နေ့ မန္တလေးအခြေအနေ စကစမဏ္ဍပ်များမှအပ ခြောက်ကပ်တိတ်ဆိတ်ခဲ့ပြန်ဟုဆို

မန္တလေးသင်္ကြန် အကြတ်နေ့တွင်လည်း၊ စစ်ကောင်စီ၏ ရေကစားမဏ္ဍပ်များမှအပ၊ မြို့တွင်းလမ်းမများပေါ် ရေထွက်ကစားကြသူမရှိသလောက် ဖြစ်ခဲ့ပြန်ကြောင်း ဒေသခံများထံကသိရသည်။

“အနောက်ကျုံးမှာ ရေကစားတဲ့အဖွဲ့တစ်ဖွဲ့နှစ်ဖွဲ့ရှိလာတယ်၊ မြို့တွင်းရပ်ကွက်ထဲတွေမှာ ကိုယ့်အဖွဲ့လေးတွေနဲ့ ကိုယ်ရေကစားကြတယ်၊ ရေပက်ခံကားတွေဆိုတာ အကြိုနေ့ကတည်းကမမြင်ရတာ ဒီနေ့အထိပဲ၊ မန္တလေးမှာ သူတို့(စစ်ကောင်စီ)လုပ်တဲ့နေရာတွေကလွဲပြီး လမ်းပေါ်လူသိပ်မရှိဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အခမဲ့ရေကစားခွင့်ပြုထားသော ကျုံးအနောက်ဘက်နှင့်မြောက်ဘက်ခြမ်းတို့အနက်၊ အနောက်ဘက်ခြမ်းတွင် ရေကစားသူအနည်းငယ်တွေ့ရပြီး၊ ကျန်မြို့တွင်းလမ်းမများပေါ် ရေထွက်ကစားကြသူမရှိသလောက် အလွန် နည်းပါးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

“စကစဝါဒဖြန့်သတင်းတွေမှာ ဗဟိုမဏ္ဍပ်နဲ့ မင်္ဂလာမန္တလေးကမဏ္ဍပ်တွေမှာ လူကြိတ်ကြိတ်တိုးနေတာရိုက်ပြတယ်၊ တကယ်က မန္တလေးသင်္ကြန်ဆိုတာ အဲဒီနှစ်နေရာထဲရှိတာမှ မဟုတ်တာ၊ ဟိုအရင်နှစ်တွေကဆိုရင် ဒီလိုရက်(သင်္ကြန်အကြတ်နေ့)မျိုးတွေမှာ ကျုံးပတ်လမ်းတစ်လျှောက်၀င်ပြီးပြန်ထွက်လို့မရတဲ့အထိ လူကြိတ်ကြိတ်တိုးခဲ့တာ၊ မြို့တွင်းနေရာအနှံ့အပြား ကန်တော်ကြီး အမရပူရ လူတိုးမပေါက်ဘူး၊ အခုက သင်္ကြန်ကာလလို့ ကိုမထင်ရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းသင်္ကြန်ပွဲစည်ကားရန် နည်းမျိုးစုံဖြင့်စည်းရုံးခဲ့သော်လည်း၊ ပြည်သူပါ၀င်မှုနည်း ပါးခဲ့ကြောင်း ဒေသအလိုက်သတင်းများအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မန္တလေးသင်္ကြန်

#အကြတ်နေ့

#စစ်ကောင်စီ

#ရေကစားမဏ္ဍပ်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly