လင်မယားကွားရှင်းပေးရန်တောင်းဆိုမှု ရပ်ကွက်ရုံးတွင်ခေါ်ယူရိုက်နှက်ခံရသူ ရက်ပိုင်းအတွင်း သေဆုံး

လင်မယားကွားရှင်းပေးရန်တောင်းဆိုမှု ရပ်ကွက်ရုံးတွင်ခေါ်ယူရိုက်နှက်ခံရသူ ရက်ပိုင်းအတွင်း သေဆုံး

လင်မယားစကားများပြီးနောက် ကွာရှင်းပေးရန် တိုင်ကြားရာက ရပ်ကွက်ရုံးတွင် လူအုပ်စုဖြင့်ရိုက်နှက်ံရသူ အမျိုးသားတစ်ဦးမှာ နေအိမ်တွင်ဆေးကုသမှုခံယူရင်း ခြောက်ရက်အကြာတွင် သေဆုံးမှု ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ် (ဌ )ရပ်ကွက် ခွာညို (၄)လမ်းတွင်နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် ကိုအောင်ဖြိုးဝေ (ခ) ကိုဖိုးအောင်ကို ဆက်လက်ပေါင်းသင်းခြင်းမပြုလိုဟု ဇနိီးဖြစ်သူက ဧပြီလ ၇ ရက်နေ့က ရပ်ကွက်ရုံးတာဝန်ရှိသူများသို့ တိုင်တန်းခဲ့သည်။ ထို့နောက် နေ့လယ် ၂ နာရီဝန်းကျင်တွင် အုပ်ချုပ်ရေးမှူးရုံးမှ လူနှစ်ယောက်က ကိုအောင်ဖြိုးဝေကို လာရောက်ခေါ်ယူသွားခဲ့သည်။

ရပ်ကွက်ရုံးတွင် သုံးနာရီခန့်ကြာ စစ်ဆေးမေးမြန်းမှုများပြုလုပ်စဉ်တွင် လျှပ်စစ်ကျင်စက်ပါအသုံးပြုခဲ့ပြီး လူခုနှစ်ဦးက ရိုက်နှက်မှုပြုခဲ့သည်ဟု ဒေသခံများက မဇ္ဈိမသို့ပြောသည်။

ခြေနှစ်ချောင်းကိုခြောက်ပေါက်ထဲထဲ့ပြီး ခြေဖဝါးများကို ကျင်စက်ဖြင့်တို့ခြင်း၊ ဝါယာကြိုးများပူးခေါက်ပြီး နောက်ကျောကိုရိုက်နှက်ခြင်း၊ ဖိနပ်စီးကာ ခန္ဓာကိုယ်ပေါ်သို့ တက်နင်းခြင်း၊ ညိုသကြီးအား ဝါးတံမြက်စည်းဖြင့်ရိုက်နှက်ခြင်းများပြုလုပ်ခံခဲ့ရသည်ဟု ကိုဖိုးအောင်က ပြန်ပြောပြကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာပေါ်တွင်တင်ထားသော ကိုဖိုးအောင်မကွယ်လွန်မီရိုက်ကူးထားသော ဓာတ်ပုံများအရ နောက်ကျောတွင်အရှိုးရာကြီးများထင်ထင်ရှားရှားတွေ့မြင်ရသလို ခြေသလုံးတွင် အညိုအမဲများစွဲနေသည်ကိုလည်းတွေ့ရသည်။

ရိုက်နှက်ခံရပြီးနောက် နေအိမ်တွင်ဆေးကုသမှုခံယူနေခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် အရက်ဖြတ်ရန်အလို့ငှာ စိတ်ကျန်းမာရေးဆေးရုံ ပြင်ပလူနာဌာနတွင်သွားရောက်ယုသမှုခံယူခဲ့သည်။ နောက်ပိုင်းတွင် ရင်ဘတ်အောင့်ဝေဒနာခံစားရသည့်အခါ မြောက်ဥက္ကလာပဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရာက ဧပြီ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

'' ဒဏ်ရာတွေကတော့ မြင်လို့ကိုမကောင်းဘူး။" ဟု ဧပြီလ ၁၄ ရက်နေ့က နာရေးလိုက်ပို့သော ရပ်ကွက်သားတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အနီးကပ်ဆုံးမိသားစုနှင့်တိုက်ရိုက်ဆက်သွယ်မရနိုင်သော်လည်း " အရိုက်ခံရတဲ့ဒဏ်ရာတွေက ကြွက်သားတွေစုတ်ပြတ်သွားပြီး အဲဒီဒဏ်ကြောင့် ဆုံးရတာလို့တော့ ဆရာဝန်မှတ်ချက်ချတယ်ပြောတယ်။ "ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

" ကိုဖိုးအောင်က မနက်မိုးလင်းထဲကတစ်နေကုန်အရက်သောက်တယ်။ ပြီးရင်ဘယ်သူကိုမှ သူကပြဿနာမရှာဘူး၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ။ ညနေဖက်ဆိုရင်ဘော်လီဘော်ကွင်းမှာလာထိုင်တယ်။ စတယ်။နောက်တယ်၊ အခုလိုဒဏ်ရာတွေဒီလောက်များတာ သေပြီပေါ့''ဟု တစ်ခြားရပ်ကွက်သားတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ကိုဖိုးအောင်ကိုရိုက်နှက်သူများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသော်လည်း ရပ်ကွက်ရုံးတွင် " အခုက ရပ်ကွက်ထဲဘောင်မဝင်သူတွေ ရုံးမှာ လူစွာလုပ်နေကြတယ်၊ ရိုက်မယ်ဆိုတာချည်းပဲ" ဟု အိမ်နီးနားချင်းတစ်ဦးက ပြောသည်။ ရိုက်နှက်ရာတွင်ပါဝင်သူဟု သံသယရှိခံရသူတစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟုလည်း သိရသည်။

'' သူက မူးနေတော့ ရိုက်တာတွေနာရမှန်းမသိတော့ မအော်ဘူးထင်တယ်။ မအော်တဲ့အခါကျတော့ပိုပြီးရိုက်ကြတာပေါ့။" ဟု သူက ဆက်ပြောသည်။

အဆိုပါရပ်ကွက်၏အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်မှာရပ်ကွက်အတွင်းရှိချောင်းနံဘေးမြေလွတ်မြေကွက်များကိုကွန်ကရစ်တိုင်စိုက်ထူးပြီးခြံစည်းရိုးခတ်ကာအကွက်ရိုက်ရောင်း စားခဲ့ရန်ကြိုးစားခဲ့ရာ ရပ်ကွက်နေလူအများ၏ ကန့်ကွက်မှုများ သတင်းမီဒီယာတွင်ဖော်ပြပါရှိပြီးနောက် အစီအစဉ်ပျက်သွားခဲ့ရဖူးသည်။

၂၀၂၂ခုနှစ်အတွင်း ခွာညို (၄) လမ်းနှင့် (၅) လမ်းထိပ်ရှိ မြေကွက်အလွတ်များတွင် အုပ်ချုပ်ရေးမှူး၏ ခိုင်းစေမှုဖြင့်ခြံစည်းရိုးလာခတ်သည်ကို ကိုဖိုးအောင်ကလည်း ကန့်ကွက်ပြောဆိုခဲ့ဖူးသည်။

လင်မယားကွာရှင်းမှုမှာလည်းဖြစ်မြောက်သွားခြင်းမရှိသော ကိုဖိုးအောင်တွင် သားသမီးနှစ်ဦးကျန်ရစ်သည်။

ပုံ - မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာပေါ်တွင်တင်ထားသောဓာတ်ပုံများကို ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly