ရွှေကူမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာ အိမ်ခြေ ၁,၀၀၀ နီးပါးကို စစ်ကောင်စီတပ်မီးရှို့

By KMN (မဇ္ဈိမ)
15 April 2023
ရွှေကူမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာ အိမ်ခြေ ၁,၀၀၀ နီးပါးကို စစ်ကောင်စီတပ်မီးရှို့

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာရှိသည့် ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁,၀၀၀ နီးပါးကို စစ်ကောင်စီတပ်မ(၈၈)လက်အောက်ခံတပ်များမှ ၁၉ ရက်ကြာ စစ်ကြောင်းထိုးအပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေကူ KPDF က ယနေ့ ဧပြီလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံတပ်များမှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ရွှေကူမြို့နယ်ရှိ မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီးစသည့်ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁,၀၀၀ နီးပါးပျက်စီးခဲ့ခြင်းဖြစ်သည်။

"အိမ်ခြေ ၉၅၆ လုံး၊ တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုစာရင်းကိုတော့ ညနေကပိုင်းလောက် ထပ်ထုတ်ပြန်ဖို့ရှိတယ်။ ဧပြီ ၁၀ ရက်နောက်ပိုင်းထဲက သူတို့တွေ ရွှေကူမြို့ကိုပြန်ဆုတ်ခွာသွားပါတယ်။ မြို့ပေါ်မှာတပ်စွဲထားပြီး ပြည်သူတွေကိုစစ်ဆေးတာတွေလုပ်နေတယ်ကြားတယ်"ဟု ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ရွှေကူမြို့ကို ပြီးခဲ့သည့်တစ်ပတ်ခန့်ကစပြီး ညနေ ၆ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ရဲ့နေရာတစ်ချို့မှာ အသင့်အနေအထားနှင့်တပ်စွဲထားကြောင်းမြို့ခံတစ်ချို့ထံကသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိစီသာ၊ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီမူလေး စသည့်ကျေးရွာများအား စစ်ကောင်စီပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာ ၁၂ ရွာနေ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima

#ရွှေကူမြို့နယ်

#ကျေးရွာ

#ထွက်ပြေးတိမ်းရှောင်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly