သံဖြူဇရပ်မြို့က သင်္ကြန်ရေကစားကြသည့် နေရာ ၂ ခုအနီး မိုင်းဖောက်ခွဲမှု ပြုလုပ်ဟုဆို

By ဂျူချန်း (မဇ္ဈိမ)
15 April 2023
သံဖြူဇရပ်မြို့က သင်္ကြန်ရေကစားကြသည့် နေရာ ၂ ခုအနီး မိုင်းဖောက်ခွဲမှု ပြုလုပ်ဟုဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မြို့လယ်မဏ္ဍပ်အနီးနှင့် စစ်သင်္ချိုင်းရှေ့တွင် မိုင်းဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း The Revolutionary Force For Justice ထံမှ သိရသည်။

ဧပြီလ ၁၄ ရက် နံနက် ၁၁ နာရီကျော်ခန့်တွင် သံဖြူဇရပ်မြို့ ၊ စစ်သင်္ချိုင်းရှေ့ ရေကစားသူများအနီး၌ မိုင်းတစ်လုံး ဖောက်ခွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲသံကြောင့် မြို့မယိမ်းကနေသူများ ရပ်နားသွားကြောင်း TRFFJ အဖွဲ့ထံမှ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့များက လူငယ်သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါလူငယ်သုံးဦးသည် ပေါက်ကွဲမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း TRFFJ အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ လူငယ်သုံးဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့နောက် ယင်းနေ့ ည ၇နာရီ၌ သံဖြူဇရပ်မြို့မဏ္ဍပ်အနီး ကိုက် ၁၀၀ ခန့်အကွာတွင် ဖောက်ခွဲမှု ထပ်မံ ပြုလုပ်ခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် သင်္ကြန်မဏ္ဍပ်တွင် ယိမ်းကနေသူများ ရပ်နားခဲ့ကြောင်း ဆိုသည်။

“လူထိခိုက်မှု မရှိပါဘူး။ လုံခြုံရေးက တအားတင်းကျပ်လွန်းပါတယ်။ ကြိုးစားပြီး လုပ်ခဲ့ရတဲ့ မစ်ရှင်ပါ” ဟု TRFFJ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဧပြီလ ၉ရက်နေ့ကလည်း သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ အထွေ‌ထွေအုပ်‌ရေးရုံးအရှေ့ ဆောက်လက်စ သင်္ကြန်မဏ္ဍပ်အနီးတွင် TRFFJ အဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီက ကျင်းပသည့် သင်္ကြန်မဏ္ဍပ်များ၌ ရေကစားခြင်း၊ ယိမ်းကခြင်းများ လုပ်ဆောင်ခြင်းမပြုလုပ်ကြပါရန် သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်

#သံဖြူဇရပ်မြို့နယ်

#TheRevolutionaryForceForJustice

#ဖောက်ခွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly