တွေ့ရှိလေယာဉ်အပိုင်းအစက ပျောက်ဆုံးမလေးရှားလေယာဉ်မှ ဖြစ်ဖွယ် လုံးလုံးရှိဟုဆို

တွေ့ရှိလေယာဉ်အပိုင်းအစက ပျောက်ဆုံးမလေးရှားလေယာဉ်မှ ဖြစ်ဖွယ် လုံးလုံးရှိဟုဆို

ဆစ်ဒနီ၊ မတ် ၂၄ ။            ။ မိုဇမ်ဘစ်နိုင်ငံတွင် တွေ့ရှိသော လေယာဉ်ပျက်အပိုင်းအစနှစ်ခုက ပျောက်ဆုံးသွားသည့် မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်၏ အပိုင်းအစများ   ဖြစ်ဖွယ်လုံးလုံးကျိန်းသေပါကြောင်း သြစတြေးလျသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောသည်။

ယခုတွေ့ရှိအပိုင်းအစနှစ်ခုကို သီးခြားစီတွေ့ရှိခဲ့ခြင်းဖြစ်ကာ စစ်ဆေးရန်အတွက် သြစတြေးလျသို့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

သမုဒ္ဒရာရေစီးနဲ့အတူ မျောပါလာခြင်းဖြစ်သည့် ပျောက်ဆုံးလေယာဉ်ရဲ့ အပိုင်းအစများဖြစ်ဖွယ်ရှိသည်က ကျိန်းသေသလောက်ဖြစ်ကြောင်း ဝန်ကြီး ဒါရန်ချက်စတာက ပြောသည်။

ခရီးသည် ၂၉၃ ဦးလိုက်ပါစီးနင်းသွားသည့် MH370 လေယာဉ်သည် ၂၀၁၄ မတ်လက ပျံသန်းခရီးစဉ်အတွင်း ထူးဆန်းစွာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှ တရုတ်ပျံသန်းရာ လမ်းကြောင်းတွင် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ပျက်ကျဖွယ်ရှိသည်ဟု အများစုက ယူဆထားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ လိုက်ပါကာ ပျံသန်းရင်းပျောက်ဆုံးသွားသည့် ယင်းလေယာဉ်၏ ကံကြမ္မာနှင့် ပတ်သက်ကာ ဖြေရှင်းနိုင်ခြင်းမရှိသည့် ဝေဟင်ဆိုင်ရာ ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် ရှိနေခဲ့ရသည်။

သြစတြေးလျသယ်ယူပို့ဆောင်ရေးဝန်ကြီး ချက်စတာက ယခုအပိုင်းအစများကို စစ်ဆေးခြင်းလုပ်ငန်းအား အပြီးသတ်လိုက်ပြီဖြစ်ကြာင်း၊ မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်၏ အပိုင်းအစများနှင့် ကိုက်ညီမှုရှိသည့် အပိုင်းအစများဖြစ်ကြောင်း ပြောခဲ့သည်။

“စစ်ဆေးဆန်းစစ်ချက်တွေအရ ဒီအပိုင်းအစတွေက MH370 က အပိုင်းအစတွေဖြစ်ဖို့ လုံးလုံးကျိန်းသေသလောက်ကို ရှိပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags