ဆားလင်းကြီး၊ ထန်းတောရွာတန်းကို စစ်ကောင်စီတပ်က မီးရှို့နေ၍ ဒေသခံများထွက်ပြေးနေရ

By KMN (မဇ္ဈိမ)
15 April 2023
ဆားလင်းကြီး၊ ထန်းတောရွာတန်းကို စစ်ကောင်စီတပ်က မီးရှို့နေ၍ ဒေသခံများထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာအနီး ထန်းတောရွာတန်းအားစစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၅ ရက် နံနက်ပိုင်းမှစ၍ မီးရှို့နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေရကြောင်း ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ညောင်ပင်ကြီးကျေးရွာနဲ့ ထန်းတောရွာက ကပ်လျက်ရွာတွေပါ။ ဒီမနက်အထိတော့ ထန်းတောရွာကနေအိမ် သုံးလုံး မီးလောင်သွားတယ်ကြားတယ်"ဟု ၎င်းကပြောသည်။

ယနေ့နံနက်ပိုင်း၌ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာနှင့် ထန်းတောရွာအား မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကင်းသွားထောက်သူနှစ်ဦးပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရွာရဲစခန်းကို ပြီးခဲ့သည့် ဧပြီလ ၁၂ ရက် ညပိုင်းက ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သားများသည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧပြီလ ၁၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ညောင်ပင်ကြီးရွာတွင် အထိုင်ချကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးနေပြီး ပစ်ခတ်မှုများလည်း ပြုလုပ်နေခြင်းကြောင့် ညောင်ပင်ကြီး၊ ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ ရွှေအင်းလေး၊ နှင်းတော၊ ထန်းတောကြီး၊ ရုံးပင်ရိုး၊ အောင်ချမ်းစည် စသည့်ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ဧပြီလ ၁၃ ရက် ညပိုင်းမှစ၍ ထွက်ပြေးတိန်းရှောင်နေရကြောင်းလည်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသတွင်း တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက်ဆားလင်းကြီး-ညောင်ပင်ကြီး လမ်းပိုင်းအား ဧပြီလ ၁၄ ရက် နေ့လည် ၁ နာရီမှစ၍ အရေးပေါ် လမ်းပိတ်ထားပြီး အရေးပေါ်ကိစ္စမှလွဲ၍ သွားခြင်းမပြုလုပ်ကြရန် ဒေသခံများအား မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ မောင်ကြီး

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီးမြို့နယ်

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

Photo - Aung Khant Zaw

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly