တရုတ်သူလျှိုများက တတိယနိုင်ငံများတွင် နိုင်ငံသားအဖြစ်ခံယူကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဗြိတိန်သို့ ဝင်ရောက်လျက်ရှိ

တရုတ်သူလျှိုများက တတိယနိုင်ငံများတွင် နိုင်ငံသားအဖြစ်ခံယူကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဗြိတိန်သို့ ဝင်ရောက်လျက်ရှိ

 တရုတ်သူလျှိုများသည် တတိယနိုင်ငံများတွင် နိုင်ငံသားအဖြစ်ခံယူကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဗြိတိန်သို့ ဝင်ရောက်လျက်ရှိကြောင်း ဗြိတိန်လုံခြုံရေးဌာန၏ စစ်ထောက်လှမ်းရေးအဖွဲ့ (MI5) က အစိုးရအဖွဲ့ဝန်ကြီးများကို သတိပေးထားသည်ဟု Sputnik သတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံအပါအဝင် ရန်လိုသော နိုင်ငံများမှ နိုင်ငံသားများသည် ဗီဇာမလိုဘဲ ဗြိတိန်သို့ ဝင်ရောက်ခွင့်ရှိသည့် နိုင်ငံသားများဖြစ်အောင်လုပ်ဆောင်ပြီးနောက် ဗြိတိန်သို့ ဝင်ရောက်လာကြကြောင်းကို MI5 က သက်သေအထောက်အထားများ ထုတ်ဖော်ခဲ့သည်ဟု အကြီးတန်းအစိုးရအရာရှိများကို ကိုးကား၍ ဗြိတိန်သတင်းစာက ဖော်ပြခဲ့သည်။ တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေသူများတွင် ထိုလူများ ပါဝင်နေမည်ကို MI5 က စိုးရိမ်နေသည်။ 

ထို့ကြောင့် ဗြိတိန်ပြည်ထဲရေးဌာနသည် တရုတ်သူလျှိုများ ဗြိတိန်ပိုင်နက်ထဲသို့ ဝင်ရောက်လာစေသည့် နိုင်ငံအများအပြားအပေါ် ဗီဇာကန့်သတ်ချက်အသစ်များချမှတ်ရန် ပြင်ဆင်လာရသည်။

သို့သော် ဗြိတိန်နိုင်ငံခြားရေးရုံးသည် ထိုစီမံချက်ကို ပိတ်ပင်ထားသောကြောင့် အစိုးရဝန်ကြီးများက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလယ်ဗာလီကို ပျော့ညံ့သူဟု ခေါ်ဝေါ်ခဲ့ကြသည်။
ရုရှားနိုင်ငံမှထောက်လှမ်းရေးအဖွဲ့ဝင်များသည်လည်း ဗြိတိန်သို့ဝင်ရောက်ရန် အလားတူလုပ်ဆောင်ကြကြောင်း MI5 က ပြောသည်။

ထို့ပြင် ရမ်ဇာန်ဥပုသ်လတွင် ဝီဂါမွတ်စလင်များ အစာမရှောင်စေရန် တရုတ်ရဲများက သူလျှိုများဖြင့် စောင့်ကြည့်နေကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။
 
တရုတ်အာဏာပိုင်များက ‘နားများ’ ဟုခေါ်သော သူလျှိုများသည် သာမန်ပြည်သူများ၊ ရဲများနှင့် ရပ်ကွက်ကော်မတီအဖွဲ့ဝင်များဖြစ်ကြောင်း ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရှေ့ပိုင်းရှိ တာပန်ဒေသမှ ရဲအရာရှိကို ကိုးကား၍ RFA က ဖော်ပြခဲ့သည်။ 

“ကျွန်တော်တို့ဆီမှာ သူလျှိုတွေအများကြီးရှိတယ်” ဟု ရဲအရာရှိတစ်ဦးက RFA သို့ ပြောသည်။
တရုတ်အာဏာပိုင်များသည် ဝီဂါယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာရေးတို့ကို မှေးမှိန်အာင်လုပ်ဆောင်ရင်း မတရားဖမ်းဆီးထားသော ဝီဂါများကို ပြန်လည်ပညာပေးရေးစခန်းများတွင် စတင်ထိန်းသိမ်းခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ ရှင်ကျန်းမှ မွတ်စလင်များ ဥပုသ်စောင့်ခြင်းကို တားမြစ်မှုများ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly