ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီတပ်ကင်းစခန်းကို PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးဟုဆို

By 001 (မဇ္စျိမ)
14 April 2023
ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီတပ်ကင်းစခန်းကို PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးဟုဆို

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ပူးပေါင်းအဖွဲ့များက ယနေ့ ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၄) တပ်ခွဲ (၂ )ထံမှ သိရသည်။

ယနေ့ နံနက် ၅ နာရီဝန်းကျင်မှ ၆ နာရီခွဲအထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၄) တပ်ခွဲ (၂) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဉဩကပြောသည်။ 

“လက်နက်ကြီး ၆၀ မမ၊ အဖူး ၃၀ခန့် ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ၈၁ မမနဲ့ ပြန်ပစ်ပါတယ်။ ကျွန်တော်တို့က ကျည်ကုန်လို့ပြန်ဆုတ်ခဲ့တာပါ။ ကျည်လိုအပ်နေပါတယ်”ဟုဆိုသည်။

စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးခဲ့မှုကို မြေပြင်သတင်းပေးပို့ချက်အရ သိရှိရခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့များဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဘန်ကာတစ်ခုမီးလောင်ခဲ့ကြောင်းလည်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း တပ်ခွဲ (၂) ကဦးဆောင်ပြီး တပ်ခွဲ (၁)၊ (၃)၊ (၄)၊ Special Force 7 column ၊ Justice Fighter၊ ပေါက် မြောက်ပိုင်းတော်လှန်ရေးတပ်ဦး (NPRF)၊ ဂဠုန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly