သင်္ကြန်ကာလတွင် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် ၁၀ ဦး၏ ၂ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

By KMN (မဇ္ဈိမ)
14 April 2023
သင်္ကြန်ကာလတွင် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် ၁၀ ဦး၏ ၂ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းက ၂၀၂၁ခုနှစ်၊ သင်္ကြန်ကာလတွင် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် ၁၀ ဦး၏ နှစ်နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။

"၂၀၂၁ ခုနှစ် သင်္ကြန်အကြတ်နေ့ ၊ ကနီနယ် လှည်းဘီးပွဲမှာ အာဇာနည်ရဲဘော် ခုနစ်ဦးနဲ့ နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာချောင်ပွဲမှာ အာဇာနည်ရဲဘော်သုံးဦး တူမီးလက်နက် ကိုင်ဆွဲ တိုက်ပွဲဝင်ရင်း ကျဆုံးကြွေလွင့်ခဲ့တာပါ။ နယ်မြေဒေသလုံခြုံရေးအရ စောပြီးကျင်းပပြုလုပ်ခဲ့တယ် "ဟု ကနီမြို့နယ် လူထုတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က မဇ္ဈိမကိုပြောသည်။

အာဇာနည်ရဲဘော် ၁၀ဦး၏ နှစ်နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ကနီနယ် မုံရွာ- ယာကြီး - ကလေးဝ ကားလမ်း တစ်နေရာတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် "သွေးသစ္စာ"သီချင်း သံပြိုင်သီဆိုခြင်း ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးဆန္ဒပြခြင်း ၊ သပိတ်ဦးဆောင်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတရားများ ဟောပြောခြင်း ၊ လွမ်းသူ့ပန်းခွေချခြင်း များ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required