မြဝတီမြို့အနီးတိုက်ပွဲတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော် ၅ ဦးကျဆုံး

By ဂျူချန်း (မဇ္ဈိမ)
14 April 2023
မြဝတီမြို့အနီးတိုက်ပွဲတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော် ၅ ဦးကျဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တပ်မဟာ(၆) KNU/KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ငါးဦး ကျဆုံးခဲ့ရကြောင်း ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြဝတီကုန်သွယ်ရေးဇုန် တိုက်ပွဲမှစတင်ကာ ဧပြီလ ၁၂ ရက်နေ့အထိ မြဝတီမြို့အနီးတွင် စစ်ကောင်စီလက်အောက် BGF တပ်ဖွဲ့နှင့် ကရင်ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အဆိုပါ တိုက်ပွဲများတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်ငါးဦး ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကျဆုံးသွားသည့် ရဲဘော်များမှာ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်ဘီလူး၊ တပ်ခွဲ(၂) မှ ရဲဘော်တိုင်းကျော်၊ ရဲဘော် ၁၆၊ တပ်ခွဲ(၃)မှ ရဲဘော်ဟင်္သာ နှင့် စစ်ကြောင်းရုံး လက်ရုံးတပ်ဖွဲ့မှ ရဲဘော်မျိုးမင်း တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကျဆုံးသွားခဲ့ရသည့် ရဲဘော်များမှာ အသက် ၁၈ နှစ်မှ ၃၅နှစ် အရွယ်ရှိသူများဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဧပြီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ BGF သိန်းတန်ကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့ဘက်မှ ၂၅ ဦးသေဆုံးခဲ့၍ ၁၂ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း Cobra Columnn က ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း သေနတ် ၁၁ လက်၊ ရှေ့ထွက်မိုင်းနှစ်လုံး၊ ကျည်အိမ်၊ နင်းမိုင်း တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စစ်ဆင်ရေးများအား ကျားသစ်နက်စစ်ကြောင်းနှင့်အတူ တပ်မဟာ(၆) KUN/KNLA ပူးပေါင်းတပ်ဖွဲ့၊Cobra Column၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagle၊ ရောင်နီတို့က ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly