သင်္ကြန်အကြိုနေ့မှာ ယင်းမာပင်ရဲစခန်းနှင့် ကျားတက်ရဲစခန်းကိုကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းယာဉ်ငယ်များဖြင့် တိုက်ခိုက်

By KMN (မဇ္ဈိမ)
14 April 2023
သင်္ကြန်အကြိုနေ့မှာ ယင်းမာပင်ရဲစခန်းနှင့် ကျားတက်ရဲစခန်းကိုကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းယာဉ်ငယ်များဖြင့် တိုက်ခိုက်

ဧပြီလ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲစခန်းနှင့်ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး ဒရုန်းယာဉ်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force - SSTF တာဝန်ခံ ကိုဖိုးဇေကပြောသည်။

"ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးကို မနေ့က မနက် ၁၀နာရီခွဲမှာတိုက်ခိုက်ခဲ့တယ်။ စုပေါင်းရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ညနေပိုင်းမှာတော့ ကျားတက်ရဲစခန်းကို ဗုံးချပြီးတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးတော့ စုံစမ်းနေဆဲပါ" ဟု ၎င်းကဆိုသည်။

ယင်းမာပင်မြို့နယ် ရဲစခန်းနှင့် ထွေအုပ်စုပေါင်းရုံးတို့တွင် စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့်နေရာကို ဗုံးသီး ငါးလုံးဖြင့် ဝေဟင်တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ကျားတက် ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားနှင့်ရဲတပ်သားများကို ဝေဟင်မှ ဗုံးသီး သုံးလုံးဖြင့် သင်္ကြန်လက်ဆောင် ပေးပို့ခဲ့ကြောင်း SSTF က ထုတ်ပြန်သည်။

ဧပြီလ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့တိုက်ခိုက်မူများအားSalingyi Special Task Force - SSTF နှင့်အတူ  Super Fighter အဖွဲ့တို့မှ Shar Htoo Waw Drone နည်းပညာ( မောင်းသူမဲ့လေယာဉ်)များအသုံးပြု၍ ပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်အုပ်စုများ အထိုင်ချ တပ်စွဲထားသော ကျားတက်ရဲစခန်းနှင့် ကိုက် ၂၀၀ အကွာအဝေးခန့်တွင် ပါဆယ်မိုင်းထောင်၍  အချိန်ကိုက်နေရာမှန် မိုင်းခွဲနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်တစ်ဦးသေဆုံးခဲ့ကြောင်း SSTFမှထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required