မန်းသင်္ကြန်အကြို ရေမစိုခဲ့

By 007 (မဇ္ဈိမ)
13 April 2023
မန်းသင်္ကြန်အကြို ရေမစိုခဲ့

ယနေ့ ဧပြီလ ၁၃ရက်  သင်္ကြန်အကြိုနေ့ တွင် မန္တလေးမြို့၌  ရေကစားသူမရှိသလောက်နည်းပါးပြီး တစ်မြို့လုံးတိတ်ဆိတ်ခြောက်ကပ်နေခဲ့ သည်။

ရပ်ကွက်အတွင်း မိမိအစီအစဉ်ဖြင့်မိမိ ရေကစားကြသူအနည်းအကျဉ်းခန့်ရှိခဲ့သည်မှအပ မြို့တွင်းလမ်းမများတွင် လူသူအသွားအလာမရှိသလောက်ဖြစ်ခဲ့ကြောင်း မန္တလေးမြို့ခံများကပြောသည်။

“လမ်းတွေပိတ်ပြီး သင်္ကြန်လုပ်ရတဲ့အဖြစ်ရောက်သွားတယ်" ဟု သင်္ကြန်စည်ကားသယောင် စစ်ကောင်စီက  အတင်းပုံသွင်းခဲ့သည့်လုပ်ရပ်အပေါ်  မန္တလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီက စီစဉ်ထားသည့် မဏ္ဍပ်အချို့သို့ သွားရောက်ကြည့်ရှုရေကစားကြသူများရှိသော်လည်း ၎င်းတို့သည် စစ်အုပ်စုအသိုင်းအဝိုင်းမှဖြစ်ကြောင်း သိရသည်။ 

" မဏ္ဍပ်အ၀င်လမ်းတွေကိုပိတ်ဆို့ပြီး ဂိတ်တစ်ခုဆီမှာ ရဲ၊စစ်သား၊ အရပ်၀တ်နဲ့လုံခြုံရေးလက်ပတ်၀တ်တွေ၊ ယာဉ်ထိန်းတွေ ၁၀ ယောက်ထက်မနည်းဘူး လုံခြုံရေးချထားတယ်။  သူတို့နဲ့ပတ်သက်ဆက်စပ်သူလောက်ပဲပေး၀င်တာသတိထားမိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးသင်္ကြန်ကို မန္တလေးကျုံးတောင်ဘက်ခြမ်းနှင့်အရှေ့ဘက်ခြမ်းတွင်သာကျင်းပခွင့်ရသည့် အနေအထားမျိုးဖြစ်ခဲ့သည်ဟု မြို့ခံများကပြောသည်။  ၎င်းတို့စီစဉ်ကျင်းပသည့်နေရာများတွင် လုံခြုံရေးထူထပ်စွာချထားပြီး ဖွင့်ပွဲအား ‌ခြောက်ကပ်ကပ်သာ ကျင်းပခဲ့ရသည်ဟု  မန္တလေးသင်္ကြန်အကြိုနေ့ အခြေအနေကို  လေ့လာစောင့်ကြည့်ခဲ့သူတစ်ဦးကပြောသည်။

၎င်းက “နောက်ရက်တွေ တော့ ဘယ်လိုနေမယ်မသိဘူး။ မန္တလေးသင်္ကြန်အကြိုနေ့ကတော့ စစ်အုပ်စုက သပ်သပ်၊  ပြည်သူကသပ်သပ် ကိုယ့်အစီအစဉ်နဲ့ကိုယ်သင်္ကြန်ကိုကြိုကြတာ” ဟု ဆိုသည်။

မြို့ခံအများစုသည် တော်လှန်ရေးအင်အားစုများက တောင်းဆိုသည့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု မန္တလေးသားများကပြောသည်။

မန္တလေးသင်္ကြန်တွင် ရေကစားမဏ္ဍပ် ၁၃ ခုရှိမည်ဖြစ်ပြီး  မဏ္ဍပ်တိုင်းလိုလိုတွင် အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များပါ၀င်မည်ဖြစ်ကြောင်း၊စတုဒီသာကျွေးမွေးဧည့်ခံခြင်းအစီအစဉ်များအား နေ့စဉ်ထည့်သွင်းထားကြောင်း မန္တလေးစည်ပင်သာယာက ကြေညာစည်းရုံးခဲ့သော်လည်း မြို့ခံများက ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြကြောင်း သိရသည်။

ဟိုယခင် နှစ်စဉ်နှစ်တိုင်း အလွန်စည်ကားခဲ့သော နာမည်ကြီး မန္တလေးသင်္ကြန်သည် ‌စစ်အာဏာရှင်လက်အောက်တွင် ပြီးခဲ့သည့် နှစ်နှစ်ကလည်း စည် ကားခြင်းမရှိခဲ့သလို ယခုနှစ် သင်္ကြန်၏ အကြိုနေ့တွင်လည်း ခြောက်ကပ်ကပ်ဖြင့် ပွဲထွက်ခဲ့ပြီဖြစ်သည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly