သုံးဆယ်တွင် ပျူစောထီးများဦးဆောင်ကျင်းပနေသည့် လောင်းကစားဝိုင်း ဗုံးခွဲခံရ

By ရွှေနွယ်( မဇ္ဈိမ )
13 April 2023
သုံးဆယ်တွင် ပျူစောထီးများဦးဆောင်ကျင်းပနေသည့် လောင်းကစားဝိုင်း ဗုံးခွဲခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ် သင်ကန်းကုန်းရွာနှင့် မြောက်ပန်းဆွဲရွာကြား၌ စစ်ကောင်စီတပ်များလုံခြုံရေးယူ၍ ပျူစောထီးများမှဦးဆောင်ကျင်းပနေသော လောင်းကစားဝိုင်းအား ဧပြီလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်က သာယာဝတီဂဠုန်တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေမထိခိုက်အောင် လုပ်တာပဲ။ လောင်းကစားဝိုင်းကို တာဝန်ယူ ထားတဲ့ ရွာခံပျူစောထီးတစ်ယောက်တော့ ထိသွားတယ်။ လက်တလောတော့ သာယာဝတီဆေးရုံမှာ ခွဲစိတ်ခန်းဝင်နေရတယ်။ ကျန်တဲ့ပြည်သူတွေအားလုံးကတော့ အန္တရာယ်ကင်းပါတယ်” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် လောင်းကစားဝိုင်းများအပါအဝင် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သည့် အရာ များအား ဆက်လက်အရေးယူသွားမည်ဖြစ်ပြီး ယခုအကြိမ်တွင် ပြည်သူများရှိနေသည့်အတွက် သတိပေး သည့်အနေဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရ၍ ထိခိုက်သွားသူမှာ ပျူစောထီး ကတုံးဖြစ်ပြီး ထိုနေ့က အဆိုပါလောင်းကစားဝိုင်းအား ကင်းယူရန်အလှည့်ကျသူ၊ တာဝန်ခံထားသူဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့က အဓိကလုပ်တာသတိပေးရုံပါ၊ ပြည်သူတွေမထိခိုက်အောင် အဓိကလုပ်ပါတယ်၊ လောင်း ကစားဝိုင်းကို ထိုးသားအရပ်သားပြည်သူတွေ ပြန်သွားတဲ့အထိစောင့်ပြီးမှ လုပ်ခဲ့တာပါ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်အတော်များများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစား ဝိုင်းများ အကြီးအကျယ် ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြပြီး အဆိုပါလောင်းကစားဝိုင်းများအား စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှဦးဆောင်ကာ စစ်ကောင်စီတပ်နှင့်ရဲများအား ဆက်ကြေး ပေး၍ ၎င်းတို့၏ အစောင့်အရှောက်ဖြင့် တရားဝင်နီးပါးပြုလုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီတပ်များ ဌာနဆိုင်ရာများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဓိက ဝင်ငွေ လမ်းကြောင်းသည် အဆိုပါလောင်းကစားဝိုင်းများနှင့် ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်ရောင်းချခြင်းဖြစ် သည်ဟု ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်အရသိရသည်။

အုတ်ဖို့နှင့် နတ်တလင်းမြို့နယ်အပါအဝင် အခြား ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကလည်း လောင်းကစားဝိုင်းများအား အရေးယူသွားမည်ဖြစ်သောကြောင့် မပြုလုပ်ကြရန်နှင့် ပြည်သူ များမပါဝင်ကြရန် သတိပေးစာများထုတ်ထားကြသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly