မင်းလှတွင် ထောက်ပို့ရဲ‌ဘော်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီးကွင်းဆက်လိုက်စုံစမ်းနေ

By ရွှေနွယ်( မဇ္ဈိမ )
13 April 2023
မင်းလှတွင် ထောက်ပို့ရဲ‌ဘော်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီးကွင်းဆက်လိုက်စုံစမ်းနေ

 ပဲခူးတိုင်းအနောက်ခြမ်း၊မင်းလှမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်နှစ်ဦးကို စစ်ကောင်စီက  ဖမ်းဆီးပြီးနောက် ထိုရဲဘော်နှစ်ဦးမှတဆင့် ကွင်းဆက်လိုက်ခြင်း၊ စခန်းတည်နေရာရှာခြင်းများပြုလုပ်နေကြောင်း သိရသည်။

သာယာဝတီခရိုင် PDF ထောက်ပို့နှစ်ဦးဖြစ်သော ကိုစိုးမြတ်အောင်(ခေါ်)အစိုးလေးနှင့် ကိုတုံးကြီးတို့အား စစ်ကောင်စီတပ်က  မတ်လ ၃၁ ရက်နေ့နံနက်ပိုင်းတွင် မင်းလှမြို့နယ်၊ သရက်တပင်ရွာရှိ ထမင်းဆိုင်တစ်ဆိုင်၌  ဖမ်းဆီးသွားခြင်းဖြစ်သည်။

“အဓိကကတော့ လုံခြုံရေးသတင်းပေါက်ကြားတာပေါ့။ ကိုစိုးမြတ်အောင်က ထမင်းဆိုင်မှာထမင်းစားနေရင်းလည်း ဗီဒီယိုကောပြောနေတယ်သိရတယ်။ သူ့ကိုအရင်ဖမ်းသွားတာပါ။ ပြီးတော့မှ သူ့ကိုလာကြိုတဲ့ တုံးကြီးကိုပါ ဖမ်းသွားတာပါ” ဟု သာယာဝတီခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထောက်ပို့ရဲဘော်နှစ်ဦး ဖမ်းဆီးခံရသည့် နေ့တွင်ပင် မင်းလှမြို့နယ်နှင့်ထိစပ်နေသော  ပဲခူးရိုးမအတွင်းရှိ  PDF တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

“ပြောရရင်တော့ ဆိုင်တာပေါ့၊ ဖမ်းခံရသူနှစ်ဦးထဲက တစ်ဦးက ရိုးထဲက တပ်စခန်းတစ်ခုကပါ” ဟု  အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။

ထို့အပြင် ကိုစိုးမြတ်အောင်၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အကောင့်အား စစ်ကောင်စီတပ်က သုံးစွဲနေကာ PDF ရဲဘော်များ၏  ကွင်းဆက်ကို လိုက်လံစုံစမ်းနေသည်ဟု  မင်းလှမြို့နယ်ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“သူအဖမ်းခံရပြီးတဲ့နောက်မှာ သူ့အကောင့်ကိုဆက်သုံးနေပြီး ပတ်သက်ဆက်နွယ်သူတွေ၊လှူဖူးတဲ့သူတွေကို ကွင်းဆက်လိုက်ဖမ်းဆီးတာတွေရှိနေတယ်။ငါးယောက်လောက်ဖမ်းဆီးခံထားရပါတယ်။
တချို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကြိုတင်သတိပေးတာတွေရှိတော့ ကြိုရှောင်လိုက်နိုင်ကြတော့အဖမ်းမခံလိုက်ရပါဘူး။  ကြို့ပင်ကောက်အမတ်အဖမ်းခံရတာလည်း ဒီထောက်ပို့တွေဖမ်းဆီးခံရပြီးတဲ့နောက်မှဖြစ်တာဆိုတော့ ငွေထောက်ပို့လို့ အဖမ်းခံရတယ်လည်း ကြားတယ်” ဟု မင်းလှမြို့ခံတစ်ဦးကပြောသည်။

ကြို့ပင်ကောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်က  ဧပြီလ  ၄ရက်နေ့တွင် ဖမ်းဆီးသွားပြီး လက်ရှိတွင် ပေါင်းတည်အကျဉ်းထောင်၌ ၅၀၅/၁၇(၁) (မတရားအသင်းအက်ဥပဒေပုဒ်မ) ဖြင့် တရားစွဲဆိုထားထားသည်ဟု နီးစပ်ရာအသိုင်းအဝိုင်းမှသိရသည်။

ဦးဌေးမင်းသိန်းဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက  “ ဦးဌေးမင်းသိန်းနဲ့က အဆက်အသွယ်မရှိတာကြာပါပြီ။ အဖမ်းခံရပြီးတဲ့နောက် ဒီလိုသတင်းတွေကြားရပေမယ့် ကျွန်တော်တို့နဲ့ကတော့ အဆက်အသွယ်မရှိပါဘူး” ဟု ဆိုသည်။

လက်ရှိတွင် မင်းလှမြို့နယ် အရှေ့ဘက် ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေသည်။မတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ  စစ်ကြောင်းထိုးလာသောကြောင့် သာယာဝတီခရိုင် PDF တပ်ရင်း  ၃၈၀၂ ၊တပ်ခွဲ(၃)နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တစ် ဦးသေဆုံးကာ အထိနာပြီး တပ်ပြန်ဆုတ်သွားကြသည်ဟု ပဲခူးတိုင်း စစ်ရေးသတင်းပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required