ဖလမ်းမှ ဟားခါးသို့ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ ယာဉ်အားလုံး ဖျက်ဆီးနိုင်ဟု CNA ဆို

By ပါခွီး (မဇ္စျိမ)
13 April 2023
ဖလမ်းမှ ဟားခါးသို့ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ ယာဉ်အားလုံး ဖျက်ဆီးနိုင်ဟု CNA ဆို

ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်လက်နက်နှင့် ရိက္ခာများ တင်ဆောင်လာသည့် စစ်ကြောင်းပါ ယာဉ်များအားလုံး ဖျက်ဆီးလိုက်နိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA)ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

“ယာဉ်တန်းမှာပါတဲ့ ကားတွေအကုန်ဖျက်ဆီးလိုက်ပြီ၊ တင့်ကား နှစ်စီးကလည်း တစ်စီးက မီးလောင်ပျက်စီးတယ်၊ တစ်စီးကိုတော့ ဖျက်ဆီးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

ဧပြီလ ၁၃ရက် ယနေ့တွင် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲများအတွင်း ယခုကဲ့သို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းတွင် သယ်ဆောင်လာသည့် လက်နက်ခဲယမ်များလည်း ရွာအတွင်းရှိ လူနေအိမ်တွင် သိုလှောင်ထားရာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပေါက်ကွဲပြီး မီးလောင်ကျွမ်းပျက်စီးကုန်ကြောင်း ဆိုသည်။

ယာဉ်များ မီးလောင်ပျက်စီးသွားခဲ့သော်လည်း စစ်ကောင်စီတပ်သားများနှင့် ချင်းပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီ လေတပ်မှ ဂျက်ဖိုက်တာများဖြင့် လာရောက်ပစ်ခတ်လျက်ရှိနေကြောင်းသိရသည်။

ဖလမ်း - ဟားခါးလမ်းတွင် နေ့စဉ်ရက်ဆက်တိုက်ခိုက်ခံရ၍ အထိနာနေသော အဆိုပါ စစ်ကြောင်းကို ဟားခါးမြို့မှ စစ်ကောင်စီတပ်သားများ ဆင်း၍ ကြိုရာ မြို့အထွက်တွင် CNA နှင့် CDF – Hakha တို့မှ ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်လျက်ရှိရာ ရှေ့မတိုးနိုင်ဘဲ ရှိနေကြောင်း သိရသည်။

“အခု ကျနော်တို့ နွေဦးတော်လှန်ရေးတစ်လျှောက်မှာ CNA နဲ့ CDF ပူးပေါင်းတိုက်ပွဲတွေမှာ အခုတိုက်ပွဲက အအောင်မြင်ဆုံးလို့ ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီ က ဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးချခြင်း ၊ အထူးတပ်ဖွဲ့များမှ ညအချိန် စစ်ကြောင်းအတွင်းသို့ဝင်ရောက်၍ လျှပ်တပြက် တိုက်ခိုက်ခြင်းဖြင့် ကားများကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဧပြီလ ၁၁ရက်နှင့် ၁၂ရက်များတွင်လည်း စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြေပြင်တပ်များမှ မီးရှို့မှုကြောင့် ချွန်ကျုံးရွာရှိ ဒေသခံနေအိမ် ၂၄လုံး မီး လောင်ကျွမ်းခဲ့ပြီး ဆက်လက်လောက်ကျွမ်းလျက်ရှိကြောင်းသိရသည်။

ကလေးမြို့မှ မတ်လ ၉ရက်နေ့က ထွက်ခွာလာသည့် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ကျော်ရှိသည့် ထိုစစ်ကောင်စီတပ်သည် မတ်လ ၁၉ရက်နေ့တွင် ဖလမ်းမြို့သို့ရောက်ရှိခဲ့ပြီး မတ်လ ၂၁ရက်နေ့တွင် ဖလမ်းမြို့မှ ဆက်လက် ထွက်ခွာလာပြီး ဟားခါးမြို့နယ်အတွင်းတွင် စစ်ကြောင်းပါ ယာဉ်အားလုံးကို ဖျက်ဆီးလိုက်နိုင်ခြင်းဖြစ်သည်။

စစ်ကြောင်းတွင် အင်းအား ၂၀၀ ထဲမှ သေဆုံး ၊ ဒဏ်ရာရရှိသူများပြားသဖြင့် ယခုအချိန်တွင် တိုက်ခိုက်နိုင်သည့် စစ်သည် ၄၀ခန့်သာ ကျန်ရှိတော့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ပြောဆိုသည်။

ယခု တိုက်ပွဲပြင်းထန်လျက်ရှိသည့် ချွန်ကျုံးရွာနှင့် ဟာခါးမြို့သည် ကိုးမိုင်ခန့်သာ ကွာဝေးသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly