တကောင်းတိုက်နယ်အတွင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးဟုဆို

By ပါခွီး (မဇ္စျိမ)
13 April 2023
တကောင်းတိုက်နယ်အတွင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးဟုဆို

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တကောင်းတိုက်နယ်အတွင်း စစ်တပ်ကားနှစ်စီးကို မိုင်းဖြင့် နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) က ဧပြီလ ၁၂ရက်နေ့တွင်ထုတ်ပြန်သည်။

တကောင်းတိုက်နယ်အတွင်း လေးမိုင်ရွာနှင့် ခြောက်မိုင်ရွာအကြားတွင် အင်းနက်မှ ထွက်လာသော ၁၂ဘီးကား နှစ်စီးအား ယမန်နေ့မနက် ၅နာရီ ၁၀မိနစ်အချိန်တွင် မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကားနောက်ပိုင်းထိမှန်ပြီး ရမ်းခါသွားကာ ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

တဖန် အဆိုပါကားနှစ်စီးကို မနက် ၅နာရီ ၁၅မိနစ်အချိန်တွင် နောင်လုံသံတံတားအနီးတွင် မိုင်းသုံးလုံးဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့မှထွက်ခွာလာသည့် ကားခေါင်းခြမ်းကို ဒဲ့ထိမှန်ပြီး မီးလောင်ပျက်ဆီးသွားကြောင်းဆိုသည်။

“’ကျနော်တို့ စစ်ကောင်စီတပ်က ကားလာမယ်ဆိုတာ ကြိုတင်ပြီး သိထားရတဲ့အတွက် အခုလိုစောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာပါ” ဟု ပကဖ (တကောင်း) သတင်းပြန်ကြားရေးက မဇ္စျိမ ကိုပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မစ်ရှင်နှစ်ခုတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့ပြီး ငါးဦးမှာ ခြေပြတ်လက်ပြတ်ဖြစ်သွားခဲ့ကာ တကောင်းမြို့တွင်းမှ နာရေး ကားသုံးစီးဖြင့် လာရောက်သယ်ဆောင် သွားကြောင်း သိရသည်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်အပြီး အထိအခိုက်မရှိသော စစ်ကောင်စီတပ်သားများသည် ကားပေါ်မှ ခုန်ဆင်းသွားကြပြီး ညောင်ကုန်းရွာထဲသို့ ပြေးဝင်သွားကြကာ အကာအကွယ်များယူ၍ အချိန်အတော်ကြာမှ ပျက်စီးနေသော ကားအား ကြိုးဖြင့် ဆွဲပြီးယူဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဧပြီလ ၁၂ရက်နေ့ ညနေ ၄နာရီ ၄၆မိနစ်အချိန်တွင် တကောင်းတိုက်နယ် ရေယာဉ်ရွာအနီး မြနန္ဒာပေါက် တံတားထိပ်၌ နီကယ်စက်ရုံမှ အောက်ဘက်သို့ ဆင်းလာသော ဘင်ကားအနက် ကားအသေး လေးစီးအား မိုင်း ခုနစ်လုံး အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၁၃ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရှေ့ကားနှစ်စီးမှာ နေရာတွင်ထိုးရပ်သွားခဲ့ပြီး ပြန်လည်ပစ်ခတ်မှုမပြုလုပ်ဘဲရှိရာ နောက်ကားတစ်စီးမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ကြောင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေးသားထားပြီး အရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) နှင့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ရပ်ကျေး ၊ ပကဖ) တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်းသိရသည်။

ပြည်သူများအနေဖြင့် မစ်ရှင်ဖြစ်ပွားရာ နေရာတစ်လျှောက်သို့ မသွားကြရန်နှင့် စပ်စုခြင်းများမပြုလုပ်ကြပါရန် ၊ ထုတ်ပြန်ချက်စည်းကမ်းများအား လိုက်နာပေးကြပါရန်နှင့် မလိုက်နာသဖြင့် တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း တကောင်း(ပကဖ) က အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်ဇော်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required