လာရှိုးတွင် သင်္ကြန်မဏ္ဍပ် ၁ခုအနီး ဗုံးပေါက်ကွဲ၊ အမျိုးသား ၄ ဦးသေဆုံးဟု မြို့ခံအချို့ပြော

By ဂျူချန်း (မဇ္ဈိမ)
13 April 2023
လာရှိုးတွင် သင်္ကြန်မဏ္ဍပ် ၁ခုအနီး ဗုံးပေါက်ကွဲ၊ အမျိုးသား ၄ ဦးသေဆုံးဟု မြို့ခံအချို့ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်ရှေ့နားတွင် ယနေ့ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်က  ဗုံးပေါက်ကွဲပြီး အမျိုးသားလေးဦးသေဆုံးခဲ့ကြောင်းဒေသခံအချို့ကပြောသည်။

ရန်တိုင်းအောင်ဘုရားအနီး စတုဒီသာကျွေးနေသော သင်္ကြန်မဏ္ဍပ် ရှေ့နားတွင် ဗုံးသုံးလုံးဆင့် ပေါက်ကွဲခြင်းဟု သိရသည်။

“သေဆုံးတဲ့သူရှိတယ်။ လောလောဆယ် အမျိုးသားလေးယောက်လို့ပြောတယ်။ ကျန်တာကတော့ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့လည်း ပြောတယ်။ လောလောဆယ် သူတို့ ကောက်(စာရင်းကောက်) နေတုန်းပဲ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ပေါက်ကွဲသံ သုံးချက်ကြားလိုက်ရပြီး ထိုနေရာအနီးမှ ကားတစ်စီးလည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။သေဆုံးသူလေးဦးစလုံးသည် အမျိုးသားများဖြစ်ကြောင်း မြို့ခံများကပြောပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။  ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးနေသည်ဟု မြို့ခံများကပြောသည်။

စစ်ကောင်စီမှ ကျင်းပသည့် သွေးစွန်းသင်္ကြန်အား ပါဝင်ဆင်နွှဲခြင်း မပြုကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလျက်ရှိပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီက မြို့ပြပြောက်ကျားအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည်ဟု သတိပေးနေကြသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly