မြန်မာဆီ လက်နက်စီးဝင်မှု နိုင်ငံတကာအသိုက်အဝန်းက ရပ်တန့်ပစ်ရန် လိုအပ်ဟု ကုလသမဂ္ဂ အထူးသံတမန် ပြော 

မြန်မာဆီ လက်နက်စီးဝင်မှု နိုင်ငံတကာအသိုက်အဝန်းက ရပ်တန့်ပစ်ရန် လိုအပ်ဟု ကုလသမဂ္ဂ အထူးသံတမန် ပြော 

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံဆီ လက်နက်စီးဝင်မှု ရပ်တန့်ပစ်ရန် လိုအပ်ပြီး မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ကောင်စီအပေါ် ညှိနှိုင်းဖော်ဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အတူတကွ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် တွမ် အင်ဒရူးက ဧပြီ ၁၂ ရက်တွင် ပြောသည်။ 

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီကို ထောက်ပံ့နေလျက် ရှိသည်ဟု ၎င်းက မှတ်ချက်ပြုကာ ယင်းသို့သော နိုင်ငံများကို စစ်ကောင်စီထံ လက်နက်ပေးပို့ခြင်းများ ရပ်တန့်အောင် နိုင်ငံများအနေဖြင့် တွန်းအားပေးရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။ 

“ကျွန်တော် မျှော်လင့်မိတာကတော့ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ဖိအားပေးလာလိမ့်မယ် ဆိုတာပါ၊ လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ နည်းပညာ ပေးတာ၊ လက်နက်ထုတ်လုပ်ဖို့ အသုံးပြုနိုင်တဲ့ ကုန်ကြမ်းပေးတာတွေ ရှိနေတဲ နိုင်ငံတွေကို ဖိအားပေးလာလိမ့်မယ်”ဟု လူဒါဇင်များစွာ သေဆုံးသော လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး နောက်တစ်ရက်၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် တွမ် အင်ဒရူးက CNA သတင်းဌာနသို့ ပြောသည်။ 

“ဒီလက်နက်တွေကို မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးချနေတာ ကျွန်တော်တို့ သိထားတယ်၊ ဒါဟာဆိုရင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာနဲ့ စစ်ရာဇဝတ်မှုတွေမှာ ကူညီအားဖြည့်ပေးနေတာပဲလို့ ကျွန်တော်တို့ သိထားတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

စစ်ကိုင်းတိုင် ကန့်ဘလူမြို့နယ်တွင် အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်မှုကို “ကြောက်မက်ဖွယ်အတိ” ဖြစ်ပြီး “လက်သင့်ခံစရာ မရှိကြောင်း” ပြောဆိုကာ ရှုတ်ချသည်။ ထို လေကြောင်းတိုက်ခိုက်မှုသည် ရဟတ်ယာဉ်သုံး စက်သေနတ်ပစ်ခြင်းနှင့် ဗုံးကြဲများ တိုး၍ ကျူးလွန်ခြင်း၏ “ဖျက်ဆီးရေး လုပ်ငန်း”၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။ 

၂၀၂၁ အတွင်း အာဏာသိမ်းကာ တိုင်းပြည်ကို လုယူထားသော စစ်တပ်က အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွက် ဝန်ခံပြောဆိုသော်လည်း အရပ်သားများကို သတ်ဖြတ်ခြင်းအား ငြင်းဆန်သည်။ အကြမ်းဖက်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုဟုသာ ပြောဆိုထားသည်။ 

စစ်ကောင်စီ အုပ်ချုပ်ရေးကို ဆန့်ကျင့်သည့် ဒေသအုပ်ချုပ်ရေးအဖွဲ့သစ် ဖွင့်ပွဲအခမ်းအနား၌ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဌာနေမီဒီယာများက ဖော်ပြသည်။ အဆိုပါ အခမ်းအနားတွင် လူပေါင်း ၁၅၀ ခန့် စုရုံးခဲ့ကြခြင်း ဖြစ်သည်။ 

“စစ်ကောင်စီ၏ ဆက်လက်တိုက်ခိုက်မှုများ ကျူးလွန်နေနိုင်မှုအား လျှော့ချရန် ပြင်းထန်ကာ အလွန်ရှင်းလင်းပြီး မဟာဗျူဟာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်း” အပါအဝင် မြန်မာပြည်သူများ၏ လိုအပ်ချက်များကို နိုင်ငံတကာက အထောက်အကူများ ပေးရလိမ့်မည်ဟု အင်ဒရူးက ဆိုသည်။ 

မြန်မာပြည်သူများကို ကူညီရန်နှင့် စစ်ခေါင်းဆောင်များကို ဖိအားပေးရန် နိုင်ငံအသီးသီးက အမျိုးမျိုးသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။ 

“ပြဿနာက ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အချိန်အဆက် မရှိတာပါပဲ၊ ညှိနှိုင်းချမှတ်တာမျိုး ရှိမနေဘူး၊ မဟာဗျူဟာလည်း မမြောက်သလို ပိုပြီး ချမှတ်သင့်တဲ့ စစ်ကောင်စီအတွက် ပိုပြီး ပျော့ကွက်ဖြစ်မယ့်အပေါ်တွေမှာ ချမှတ်ထားတာမျိုး မရှိဘူး”ဟု ၎င်းက ပြောသည်။ 

ထိုအတွက် ရှိဆဲ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ဖြစ်နိုင်သည်ထက် ပိုပြီး နည်းပါးစွာသာ ထိရောက်မှု ရှိနေသည်ဟု အင်ဒရူးက ဖြည့်စွက်ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly