သင်္ကြန်မှာ စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကို အထင်လွဲအောင်လုပ်နိုင်ကြောင်း NUG ခေါင်းဆောင်များသတိပေး

သင်္ကြန်မှာ စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကို အထင်လွဲအောင်လုပ်နိုင်ကြောင်း NUG ခေါင်းဆောင်များသတိပေး

စစ်ကောင်စီအနေနဲ့ လူစည်ကားရာ နေရာများ ပွဲတော်တွေမှာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိတာကြောင့် ပြည်သူများ အနေနဲ့ များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။

သင်္ကြန်နှစ်သစ်ကူးကာလ မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ် စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ကပြောပါတယ်။ 

တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း တိုင်းပြည်ကို စစ်ကျွန်လက်အောက် တသက်လုံး ပြန်မကျ ရောက်စေရန်အတွက် ယခု မဟာအတာသင်္ကြန်ကာလမှာလည်း တော်လှန်ရေးအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်နေကြမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

နိုင်ငံအတွင်းရှိ ပြည်သူများကို အကြမ်းဖက်စစ်တပ်က ဖိနှိပ်သတ်ဖြတ်နေခြင်းအား တားဆီးနိုင်ရေး ဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် အတင်းအကျပ်လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ ထဲမှာ အဆိုးဆုံးက ပြည်သူနဲ့ ပြည်သူ့ ဘက်တော်သားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါသေးတယ်။ 

ပြည်သူတွေဟာ ကိုယ့်နိုင်ငံထဲမှာပဲ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးသလို လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကာအကွယ်တွေ အမြန်ဆုံးရဖို့လည်း လိုအပ်တာကြောင့် နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူ နိုင်ဖို့အတွက် သက်သေ အထောက်အထားတွေရဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ 

အစိုးရအဖွဲ့တွေအနေနဲ့ စစ်ခေါင်းဆောင်နဲ့ နောက်လိုက်အပေါင်းအပါတွေကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် ထိထိရောက်ရောက်စွဲချက်တင် အရေးယူနိုင်ဖို့ ကိစ္စရပ်တွေကိုလည်း စနစ်တကျဆွေးနွေး အဖြေရှာဖို့ အတွက် ပြောကြားခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly