အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သည့် စစ်အုပ်စုအား ပြတ်သားစွာ အရေးယူမှု အမြန်လုပ်ဆောင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးအား ထပ်မံတိုက်တွန်း

အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သည့် စစ်အုပ်စုအား ပြတ်သားစွာ အရေးယူမှု အမြန်လုပ်ဆောင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးအား ထပ်မံတိုက်တွန်း

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လူမဆန်တဲ့  လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်NUCCက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထားကာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်ပြီး အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် NUCCက သဘောထား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက် နံနက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့တာကြောင့်  ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့အရပ် သားပြည်သူ ၁၀၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ဒါ့အပြင်ဧပြီ ၁၀ရက် ကလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးသေဆုံးကာ ၄ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ  ကချင်၊ ကရင်နီ နှင့်ကရင်ပြည်နယ်တွေမှာလည်း အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ တနိုင်ငံလုံးရှိ အရပ်သားပြည်သူများအား လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ အသေအချာပင်ဖြစ်ကြောင်း NUCCက ထုတ်ပြန်ထားပါတယ်။

ဒီလုပ်ရပ်တွေက စစ်ပွဲဆိုင်ရာဥပဒေ နှင့် ဂျီနီဗာကွန်ဗင်းရှင်း၊ တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရုံ သာမက၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ထပ်မံ ကျူးလွန်ခြင်း လည်းဖြစ်ကြောင်းဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုများကြောင့်ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပြီး တိုင်းရင်းသားပြည်သူတရပ်လုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ မလွဲမသွေရောက်ရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုပါတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ရာ ယင်းသို့အရှက်တရားကင်းမဲ့စွာ ကျူးလွန်ပြနေမှုအား ထိရောက်သော တားဆီးမှုများပြုလုပ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ကမ္ဘာ့နိုင်ငံအသီးသီးအား တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူနယ်မြို့နယ် ပဇီကြီးရွာကို ညနေ ၅နာရီ ၄၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မှတ်ယူကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက လည်း ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ် ပြန်ချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စဉ်ဆက်မပြတ် ရှုတ်ချမှုတွေကို မျက်ကွယ်ပြုပြီးတော့ မြန်မာပြည် သူတွေအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားစွာ ကျူးလွန်နေတယ်ဆိုတာကို လေကြောင်းကနေ ခုလို ပူးတွဲတိုက်ခိုက်မှုတွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က  တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ  ၁၀၀ ကျော်ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပဇီကြီးကျေးရွာဟာ ၂၀၁၅ သန်းခေါင်စာရင်းအရ အိမ်ခြေ ၂၃၃ အိမ်နဲ့ လူဦးရေ ၁၀၄၃ ဦးရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သားပြည် သူဦး ရေဟာ ၃၂၂၅ ဦးထိရှိလာကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၂၁၂၇၆ ဦးထိရှိလာပြီးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required