မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရန်ကုန်−မန္တလေးအမြန်လမ်း၊ မန္တလေးဘက်ခြမ်းတွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါလာသူ သုံဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ(အသက်အန္တရာယ်စိုးရိမ်ရ) သွားသည်ဟု သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သော မိတ္ထီလာမြို့နယ်ရှိ ပြည်သာယာလူမှုကူညီရေးအသင်းမှ ပြောသည်။
"ရန်ကုန်ဘက်ကနေလာတဲ့ ကားပါ၊ ကားပေါ်မှာ သုံးဦးပါတယ်၊ ယာဉ်မောင်းလာသူက နေရာမှာတင်ဆုံးသွားပါတယ်၊ အမျိုးသမီးတစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရတယ်၊ ပြင်းထန်တယ်၊ ဆေးရုံပို့ထားပါတယ်၊ အခြေအနေကတော့မကောင်းပါဘူး၊ ကျန်သက်ကြီးပိုင်းအမျိုးသမီးကတော့ ဒဏ်ရာမပြင်းထန်ပါဘူး" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ ပြောသည်။
ရန်ကုန်−မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Honda Airwave အိမ်စီးယာဉ်သည် မိုင်တိုင်အမှတ် ၃၀၅/၁ အနီးအရောက်တွင် လမ်းလယ်ကျွန်းကို ဝင်တိုက်မိကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းနှင့်အတူ ဒဏ်ရာရသူနှစ်ဦးအား မိတ္ထီလာဆေးရုံသို့ပို့ဆောင်ထားသည်ဟု ဆိုသည်။
ယခုယာဉ်မတော်တဆမှုနှင့်ဆိုလျှင် ယခုဧပြီလအတွင်း ရန်ကုန်−မန္တလေးအမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုပေါင်း ရှစ်ကြိမ်ဖြစ်ပွားထားပြီး၊ အမျိုးသမီး လေးဦး၊ အမျိုးသား ငါးဦး သေဆုံးကာ၊ စုစုပေါင်း ကိုးဦးသေဆုံးထားကာ ရှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)