ဘားအံ မြို့မရဲစခန်းနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား 

By YT  ( မဇ္ဈိမ)
12 April 2023
ဘားအံ မြို့မရဲစခန်းနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား 
ဓါတ်ပုံ- U U Hpa- An Thar

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံမြို့မရဲစခန်းအရှေ့တွင် မိုင်းပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံက သိရသည်။ 

" ဘားအံမြို့မရဲစခန်းရှေ့မှာဖြစ်တာပါ။ အထိအခိုက်တော့မရှိပေမယ့် အနီးအနားတော့ နားတွေပါ အူတယ်"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဘားအံမြို့အလယ်၊ နာရီစင်အကျော်ရှိ မြို့မရဲစခန်းအရှေ့၊ အုတ်တံတိုင်းအနားတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

" မိုင်းကတော့ အသံတော့ကြမ်းပေမဲ့ လက်လုပ်ပဲဆိုတော့ လူအထိအခိုက်တော့မရှိပါ။ အဲ့အချိန်က မိုးမလင်းသေးတော့ လမ်းလူအသွားအလာလည်းနည်းတယ်။ ဘားအံမှာက ရန်ကုန်လို ခွဲပြီးရင် အဲ့လိုကြေညာတဲ့အဖွဲ့တွေမရှိဘူး " ဟု နောက်ထပ်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် မြို့အဝင်မြို့အထွက် ဆိုင်ကယ်များ စစ်ဆေးနေကြောင်း၊ ဘားအံ ကမ်းနားလမ်းရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ သိရသည်။ 

ဒါ့အပြင် ဘားအံမြို့တွင် သင်္ကြန်ကာလအတွင်း အန္တရာယ်ပြုမည်ဟု မသင်္ကာသူမှန်သမျှအား အချိန်မရွေး ပစ်ခတ်ဖမ်းဆီးခွင့် ပစ်မိန့်ပေးထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိဖြင့် သွားလာနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

" ကျွန်မတို့ ဘားအံမှာ သူတို့ပစ်မိန့်ပေးထားပါတယ် သတင်းကြားတယ်။ ပြည်သူတွေသတိနဲ့ သွားလာရပါတယ်" ဟု ပြောသည်။ 

ယခုနှစ်သင်္ကြန်အား ဘားအံမြို့နယ်၊ ကမ်းနားလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီမှ ပြင်ဆင်ထားပြီး လုံခြုံရေးချထားကာ စည်းမျဉ်းများ အထူးကြပ်မတ်ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly