နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကန့်ဘလူ ပဇီကြီးရွားနှင့်ပတ်သက်၍ အသက်ဆုံးရှုံးသွားကြရသူများ၏ မိသားစုဝင်များနှင့်အတူ အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီသည် သူ၏ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ် ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းသော စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်လိုက် ခြင်းဖြစ် ကြောင်း ယာယီသမ္မတဒူးဝါးလရှီးလကပြောသည်။ 

  • သင်္ကြန်အချိန်ကာလတွင် အကြမ်းဖက်စစ်တပ်က အကြမ်းဖက်လုပ်ရပ်များလုပ်ပြီး တော်လှန်ရေး အင်အားစု များကို အထင်အမြင်လွဲမှားစေနိုင်အောင် ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်၍ သတိကြီးကြီး ထားရမည် ဖြစ်ကြောင်း ယာယီသမ္မတ ဒူးဝါးလရှီးလက ပြောကြားသည်။ 

  • ရက်စက်ယုတ်မာမှုများကို မဝေးတော့သည့် တနေ့တွင် လုံးဝရပ်ဆိုင်းသွားအောင် နေ့စဉ်နှင့်အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေပြီး  ပိုမိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူများကို အသိပေးပြောကြားလိုက်သည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော်သေဆုံးသော ပဇီ ကြီး ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန် ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန်မာ့ မြေပေါ် မှ အပြီးတိုင် ဖယ် ရှားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလမြို့၌ ယမန်နေ့ ဧပြီလ ၁၀ရက်နေ့တွင် နွေရာသီ ကျမ်းစာ သင်တန်း(Summer Camp)ပြုလုပ်ရန်တဲထိုးနေသည့်နေရာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပြည်သူ ကိုးဦး သေဆုံး ပြီး ဒဏ်ရာရရှိသူ လေးဦးထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူ နှစ်ဦး ရှိကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ ပဇီကြီးရွာတွင် အခမ်းအနားတစ်ခု ပြုလုပ် နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး သေဆုံး သူများ၏ရုပ်အလောင်းများကို ရေတွက်၍မရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောတပ်အတွင်းမှ ကြွယ်ပုံရွာသို့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်တပ်က စစ် ကြောင်း ထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတချို့ ပိတ် မိ နေကာ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ချောင်းရိုးကျေး ရွာကို ရွာလုံး ကျွတ် မီးတင်ရှို့နေကြောင်း သိရှိရသည်။ 

  • ဒီမိုကရေစီအရေးရှေးရှုတဲ့ လှုပ်ရှားမှုများ အကျပ်အတည်းအဆုံးသတ်စေရန် နည်းလမ်းရှာနေကြသူများနှင့် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်နိုင်တဲ့ အနာဂတ် ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းနေသူများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)က ပြောလိုက်သည်။ 

  • ဖမ်းဆီးမိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များကို မြန်မာနိုင်ငံဆီ ပြန်ပို့ခြင်းနှင့် ၎င်းတို့မှာ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ ရှိနိုင်နေခြင်းအပေါ် ထိုင်းလူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံရေးပါတီတစ်ခုတို့က စိုးရိမ်ပူပန်ကြောင်း ဧပြီ ၁၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

  • မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက၊ မန္တလေးတိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးနှင့်အိမ်အကူ အမျိုးသမီးတို့ နေအိမ်အတွင်းအသတ်ခံရပြီး၊ နေအိမ်မီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

  • မန္တလေး၊ အောင်​မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်က ဦးဆောင်ကာ "စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" ခေါင်းစဥ်ဖြင့် ဖက်ဆစ် စစ်တပ် ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မဆင်နွှဲကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်က ပဇီကြီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီးကမ္ဘာ့နိုင်ငံများက တားဆီမှု ပြုလုပ်ကြရန် NLD ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

  • ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်မြေအဖွဲ့မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ဝက်သားဟင်း၊ ကြက်သားဟင်း၊ သီးစုံချဉ်ဟင်း၊ ဂျူးမြစ်မြေပဲဆံထောင်းနှင့် ရိုးရာအထောင်းတို့ကို ကျွေးမွေးလှူဒါန်းခဲ့​ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ကျောက်ထုနယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ဒေသကာကွယ် ရေး တပ်ဖွဲ့များအကြား ဧပြီလ ပထမပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း ကျောက်ထု PDF က ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်ပေါ်တွင် စျေးကောက်ရန် လာသည့် စစ်သားများ ကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ စည်းရုံး လှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့​ကြောင်း သိရသည်။ 

  • ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "စစ်တပ် စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်၊ သာကေတမြို့နယ် ခန်းမရှေ့တွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် "ဖက်ဆစ် တန်ခူး ဒို့မမြူး" စာတန်း ချိတ်ဆွဲခဲ့​​ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိသည့် စစ်ဘေးရှောင်စခန်းတချို့တွင် နှစ်လနီးပါး ဆန်နှင့် ရိက္ခာခြောက်များ ပြတ်လပ်နေပြီး တချို့မှာတော့ ချေးငှားစားသောက်နေရကြောင်း စစ်ဘေး ရှောင်များကို ကူညီနေသူများထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) စတင်ဖွဲ့စည်းတည်ထောင် သည့် နှစ်နှစ်ပြည့်ချိန်တွင် ၎င်းတို့၏ ရဲဘော် ၂၄ ဦးအထိ ကျဆုံးခဲ့ပြီးဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇)နယ်မြေ ဘားအံခရိုင်နှင့်တပ်မဟာ(၅) နယ် မြေ ဖာပွန် ခရိုင်တို့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးနှင့်သေနတ်ကျည်ထိမှန်၍ဒေသခံ တစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုနှင့် မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက် အရ သိရသည်။ 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ၁၂ မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သော ဗားရ်တပ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ထုတ်ပြန်လာသည်။ 

  • ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ဝေဘူလမြို့ပေါ်သို့အကြမ်းဖက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း Chin National Organization –CNO က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ကချင်ပြည်နယ်၊ ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မိသားစုနဲ့နီးစပ်သူများက အတည်ပြုသည်။ 

  • ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများမှ ဖျော်ဖြေရေး ယိမ်း ၆၈ ဖွဲ့ က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်၏ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။ 

  • အကြမ်းဖက်စစ်တပ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရုတ်မှ လှူဒါန်းသည့် Yutong ဘတ်စ်ကားတစ်စီးကို ဝန်ထမ်းကြိုပို့ယာဉ်အဖြစ်အသုံးပြုမည်ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနက သိရသည်။ 

  • နေပြည်တော်တွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်တွင် ဝင်ကြေးကောက်ခံသွားမည် ဖြစ်ပြီး လူကြီး၃၀၀၀ကျပ်၊ ကလေး၁၀၀၀ကျပ်သတ်မှတ်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့် ချိရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။ 

ဧပြီ ၁၁ ရက် သုံးသပ်ချက် 

  • အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများ၊ကလေးများ၊အမျိုးသမီးများအပေါ် သိသိကြီးဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေသည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များကို နိုင်ငံတကာအနေဖြင့် အမြန်ဆုံးရပ်တန့်အောင် ဆောင်ရွက်ရန် လိုအပ်နေ ပြီဖြစ်သည်။ 

  • အကြမ်းဖက်စစ်အုပ်စုအခြေစိုက်သည့် နေပြည်တော်တွင် ပွဲလမ်းသဘင်နှင့် သင်္ကြန်ပွဲတော် အကြောင်း ပြကာ ခါတော်မီစီးပွားရေးသောင်းကျန်းနေသည်ဟု ဆိုရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly