နှစ်နှစ်သားအစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်း ဘယ်အထိရောက်နေပြီလဲ

By (ဓားရိုင်း) 
11 April 2023
 နှစ်နှစ်သားအစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်း ဘယ်အထိရောက်နေပြီလဲ

အာဏာရှင်တော်လှန်ရေးအတွက် နိုင်ငံရေးခံယူချက် တူညီသူတွေ စုပေါင်းအားနဲ့ ဖြစ်တည်လာတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ရဲ့ တော်လှန်ရေးခရီးဟာ လာမယ့် ဧပြီ ၁၆ ရက်ဆိုရင် ၂ နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂ လကျော်အကြာ ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှာ မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရအဖွဲ့အဖြစ် NUG ကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ၂ နှစ်တာကာလအတွင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)အနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုကျော်လွှာရင်း ကြားကာလအစိုးရတစ်ရပ်ရဲ့လုပ်ငန်းစဉ်တွေကို အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ 

 ကြားကာလအစိုးရတစ်ရပ်ရဲ့ အဓိကတာဝန်တွေဖြစ်တဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေနဲ့ နိုင်ငံရေး လမ်းပြမြေပုံကို အကောင်းဆုံးကြိုးစားပြီး ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆိုင်ရာ သဘောတူ  ညီချက်တွေ  ဆွေးနွေးအတည်ပြုနိုင်ရေးနဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေနဲ့လည်း လက်တွဲဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။  

ကြားကာလအစိုးရတစ်ရပ်ရဲ့လုပ်ငန်းစဉ်ထဲမှာပါဝင်တဲ့ အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမယ်ဆိုတဲ့အချက်ကိုလည်း လက်တွေ့ အကောင်အထည်ဖော်ထား နိုင်ခဲ့တာ တွေ့ရပါတယ်။  

ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ NUG အနေနဲ့ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံ ရေးနဲ့ ပူးပေါင်းဆောင် ရွက်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍ၊ နိုင်ငံရေးနဲ့ အသွင်ကူး ပြောင်းရေးကဏ္ဍတွေမှာ အကောင်းဆုံးအခြေအနေတစ်ရပ်ရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  

အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးနဲ့အသွင်ကူးပြောင်းရေးတွေမှာ အာဏာသိမ်း စစ်ကောင်စီထက် ခေါင်းတစ်လုံးသာတဲ့အနေအထားကို ရောက်လာခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ NUG မှာ အဖွဲ့အစည်းအတိုင်း ရှိတတ်တဲ့ အားနည်းချက်၊ အားသာချက်တွေကတော့ ရှိနေပါတယ်။  

အထူးသဖြင့် စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာတော့ NUG အနေနဲ့ အားနည်းချက် တချို့ရှိနေသေးတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအားနည်းချက်တွေဟာ အချိန်တစ်ခုရောက်ရင် ပြေလည်သွားမယ့် အနေအထားတော့ တွေ့နေ ရပါတယ်။ အဓိကအနေနဲ့ NUG ရဲ့နိုင်ငံတကာဆက်ဆံရေးနယ်ကျယ်ပြန့်လာမှုဟာ စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် သေချာပေါက် အားတွေဖြစ်လာဖို့ရှိနေပါတယ်။  

အမေရိကန်လို ကမ္ဘာ့အင် အားကြီးနိုင်ငံက မြန်မာ့အရေးဖြေရှင်းပေးဖို့အတွက် ဥပဒေတစ်ရပ်ကိုအတည်ပြုပေးခဲ့ တာဟာ NUG အတွက် ကြီးမားတဲ့အထောက်အပံ့ကောင်းတစ်ရပ်လို့ မြင်မိပါတယ်။ အမေရိကန်ရဲ့ Burma Act ဥပဒေမှာပါဝင်တဲ့ အကူ အညီပေးရေးလုပ်ငန်းစဉ်တွေ အမြန်ဆုံးအသက်ဝင်လာဖို့အတွက်တော့ NUG အနေနဲ့ ဆက်လက်ကြိုးပမ်းမှုတွေ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း NUG အနေနဲ့ အစီအစဉ်တွေ ရှိနှင့်ပြီးသားလို့ ထင်မိပါတယ်။ အမေရိကန်မှာ NUG ရုံးခွဲကို တရားဝင်ဖွင့်လှစ်နိုင်ခဲ့တာကို ကြည့်ရင်သိနိုင် ပါတယ်။ 

 ဒီအတွက် စစ်ရေးကလွဲပြီး ဘယ်လိုအကူအညီမျိုးမဆိုဖြစ်နိုင်တဲ့ အမေရိကန်ရဲ့အထောက်အပံ့တွေကို NUG အနေနဲ့ ဒီဘက်နှစ်ပိုင်းမှာရရှိလာ မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် အီးယူနဲ့ ကုလတို့ကလည်း မြန်မာ့အရေးမှာ အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုတာအပြင် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ တစ်နေ့တစ်ခြား ပြင်းထန်လာတာ၊ ဒေသတွင်း အာဆီယံအဖွဲ့အစည်းကိုယ်တိုင် NUG ဘက်လမ်း ဖောက်ဖို့ အလားအလာတွေ မြင်နေရတာကို ကြည့်ရင် နိုင်ငံတကာဆက်ဆံရေးပိုင်းဟာ အားရစရာကောင်း နေပါတယ်။ 

 ဒီနေရာမှာ NUG အနေနဲ့ တစ်ခုစဉ်းစားရမှာကတော့ ပြည်ပအားကို မျှော်သင့် သလောက်ပဲမျှော်ဖို့ဖြစ်ပါတယ်။ အမေရိကန်အပါ အဝင် NUG ကိုအသိအမှတ်ပြုထားတဲ့ ပြည်ပနိုင်ငံတိုင်းဟာ စစ်ရေးထက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသာ ပိုပြီးစိတ်အားထက်သန်နေခဲ့တာကြောင့် ဖြစ်ပါတယ်။ 

NUG ဆိုတာ သာမန်နိုင်ငံရေးကြောင့်ဖြစ်တည်လာတဲ့ နိုင်ငံရေးအစိုးရတစ်ရပ်မဟုတ်ပါဘူး။ အာဏာရှင်တော်လှန် ရေးအတွက်ဖြစ်တည်လာတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်ပါတယ်။ အဲဒါကြောင့် NUG အနေနဲ့ ပြည်တွင်းအား ကို ပိုမိုပြီးကျစ်လစ်ခိုင်မာအောင် လုပ်ထားဖို့တော့လိုအပ်ပါတယ်။  

အထူးသဖြင့် အာဏာရှင်တော်လှန်ရေးအတွက် ပြည်သူကနေဖြစ်တည်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင် အားစုတွေကြား လမ်းမလွဲသွားအောင် NUG အနေနဲ့ အတတ် နိုင်ဆုံး သတိထားလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ NUG ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ PDF ဖွဲ့စည်းမှုဟာ အဓိကအခန်းကဏ္ဍမှာ ရှိနေတာလည်းဖြစ်ပါ တယ်။ PDF တပ်ဖွဲ့တွေကို NUG က တိုက်ရိုက်ဖွဲ့ စည်းတာရှိသလို ဒေသအလိုက် ကိုယ်အားကိုယ်ကိုးပြီး ဖွဲ့စည်းခဲ့ ကြတာက ပိုများခဲ့တာတွေ့ရပါတယ်။  

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမျိုးအစားအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ် (LDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ – PDT ) ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ဟာ အင်အားအများဆုံးဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က အသိအမှတ်ပြုထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။ 

 PDF တွေကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း(EAO)တွေနဲ့ NUG က ပူးတွဲကွပ်ကဲထားတာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဟာ စစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးအရ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်နေတဲ့အဖွဲ့အစည်းတွေဖြစ်တာကြောင့် စစ်ရေး အတွေ့အကြုံသာမက တောင့်တင်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ထိန်းချုပ်ထားနိုင်တဲ့ အခြေခံ‌ဒေသတွေလည်း ရှိနေ ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် PDF တွေရဲ့အားဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေ အပေါ်မှာလည်း အများကြီးမူ တည်နေ ပါတယ်။ တော်လှန်ရေးအင်အားစုတွေထဲမှာ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်(LDF)တွေကတော့ NUG ရဲ့ အမိန့်ကွပ်ကဲမှုပြင်ပကနေ ပြောက်ကျားစနစ်နဲ့ ကိုယ်ထူကိုယ်ထ တော်လှန် နေကြသူတွေ ဖြစ်ပါတယ်။  

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ – PDT)တွေကတော့ မိမိနယ်မြေဒေသတွေကို ကာကွယ်ရေး၊ လုံခြုံရေး အတွက် နယ်မြေအလိုက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လက်ရှိ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ NUG လက်အောက်မှာ PDF တပ်ရင်း ၂၀၀ ကျော်ရှိပြီး ကရင်နီရှိ KNDF တပ်ရင်းတွေနဲ့ ချင်းပြည်နယ်ရှိ CDF တပ်ရင်းတွေပါ ထည့်ပေါင်းရင် တပ်ရင်း ၃၀၀ ဝန်းကျင်လောက်ရှိနေတာပါ။ 

 ပြီးခဲ့တဲ့နှစ်စာရင်းတွေအရတော့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် (LDF)အဖွဲ့ပေါင်း ၄၀၀ ကျော်လောက်ရှိပြီး NUG/EAO တွေရဲ့ကွပ်ကဲမှုအောက် မှာမရှိပေမယ့် အလွတ်သဘောချိတ်ဆက်ဆောင်ရွက်နေတဲ့အဖွဲ့ပေါင်း ၃၀၀ ကျော်လောက်ရှိနေတာဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (LDF)ဟာ PDF ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)တွေနဲ့မတူဘဲ ကိုယ့်ခြေ ကိုယ့်လက်နဲ့လှုပ်ရှားနေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ 

 ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပ.က.ဖ)ကိုတော့ NUG ကဖွဲ့စည်း ပေးခဲ့တာဖြစ်ပြီး မြို့ပြပျောက်ကျား စစ်ဆင်ရေး တွေ ဆောင်ရွက်ဖို့၊ PDF တွေကို ကူညီဖို့၊ ပြည်သူကို စည်းရုံးဖို့၊ ထောက် ပို့တာဝန်ယူဖို့နဲ့ တော်လှန်ရေး တပ်သားသစ် တွေကို အခြေခံ စစ်သင်တန်းပေးဖို့အတွက် ရည်ရွယ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ NUG ရဲ့ အဆိုအရ မြို့နယ်ပေါင်း ၃၃၀ မှာ ပ.က.ဖ အဖွဲ့ပေါင်း ၂၅၀ လောက်ဖွဲ့ထားပြီး ဖြစ်တယ်လို့သိရပါတယ်။  

တော်လှန်ရေးအင်အားစုတွေထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(LDF)တွေကို တစ်ပေါင်းတည်းဖြစ်လာဖို့ NUG အနေနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေသေးတယ်လို့တော့ မြင်မိပါတယ်။ အထူးသဖြင့် တော်လှန်ရေးအင် အားစုတွေအားလုံး NUG ကွပ်ကဲမှုအောက်ကနေ သွားနိုင်ဖို့အထိလုပ်ဆောင်ဖို့တော့ လိုအပ်နေသေးတာအမှန်ပါပဲ။ ဒီလိုတစ်စုတစ်စည်း တည်းသွားနိုင်မှသာ မလိုလားအပ်တဲ့နားလည်မှုလွဲတာတွေကို ရှောင်လွဲနိုင်မှာလည်း ဖြစ်ပါတယ်။  

တစ်ဖက်မှာ စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး အတွက် NUG နဲ့အတူ ပူးပေါင်း ဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍ ကလည်း အရေးပါနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ရှိတဲ့အနက် တိုင်းရင်းသားလက်နက် ကိုင် ၈ ဖွဲ့ဟာ NUG အပါအဝင် NUG လက် အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ 

 NUG နဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်တဲ့ EAO တွေထဲမှာ ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ပါဝင်နေတာဖြစ်ပါတယ်။  

NUG နဲ့ စစ်ရေး ပူးတွဲလှုပ်ရှားမှုမရှိပေမယ့် NUG ရဲ့ PDF တွေကို နောက်ကွယ်ကနေ ကူညီနေတဲ့အစုအဖွဲ့မှာတော့ အဓိကအနေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ၊ ကိုးကန့်အဖွဲ့လို့လူသိများတဲ့ မြန်မာ အမျိုးသား များ ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)နဲ့ တအာင်း/ပလောင် အမျိုးသားများ လွတ်မြောက်ရေးတပ်(TNLA) တို့ပါဝင်နေတာပါ။ 

 မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့လို NUG နဲ့ PDF တွေကို ထဲထဲဝင်ဝင်မကူညီပေမယ့် NUG နဲ့ PDF တို့ရဲ့ ရုန်းကန်တော်လှန်မှုကို စာနာနားလည်တဲ့ EAO အဖွဲ့တွေကိုလည်း တော်လှန်ရေးကာလ ၂ နှစ်ကျော် လာချိန်မှာ တွေ့လာရပါတယ်။ အဲဒီအဖွဲ့တွေကတော့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၊ မိုင်းလား အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ပဲဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖက် မှာ အာဏာ သိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေလုပ်နေပေမယ့် စစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို လိုက်လျော မှုမရှိတာ တွေ့နေရပါတယ်။ 

 NUG နဲ့ မပတ်သက်ဘဲ စစ်ကောင်စီနဲ့သာ ဆွေးနွေးတဲ့ EAO တွေကတော့ NCA ထိုးထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် EAO ၇ ဖွဲ့ပဲဖြစ်ပါတယ်။ လတ်တလောမှာ စစ်ကောင် စီက ရက္ခိုင့်တပ်တော်(AA)နဲ့ အလွတ်သဘောအပစ်ရပ်ထားပြီး သူတို့ဘက်ပါလာအောင် ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဆောင်ပြနေပေမယ့် ဖြစ်လာနိုင်စရာမရှိဘူးလို့တော့ ထင်မိပါတယ်။ 

 ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာပဲ NGU ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံတစ်ဝန်း တော်လှန်ရေးအဖွဲ့ အစည်းတွေက ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အထိမ်းအမှတ် သဝဏ်လွှာတွေပေးပို့ခဲ့ကြပြီး စစ်အာဏာရှင် တော်လှန်ရေးမှာ AA နဲ့အတူ လက်တွဲပါဝင်သွားမယ်လို့ ကတိပြုခဲ့ကြတာတွေ့ရပါတယ်။ ဒါဟာ အာဏာရှင် တော်လှန်ရေး အတွက် ထူးခြားတဲ့သင်္ကေတပဲဖြစ်ပါတယ်။ 

 ဧပြီ ၁၀ ရက်မှာကျရောက်တဲ့ ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ NUG အစိုးရက အချက် ၅ ချက်ပါ သဝဏ်လွှာပေးပို့ခဲ့ပြီး အဓိကအနေနဲ့ အခုအချိန်အခါမှာ ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ မိမိတို့အားလုံး အတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန်ဖောက်ထွက်ကြိုးစားကြရမှာဖြစ် ကြောင်း တိုက်တွန်း ပြောဆိုခဲ့တာတွေ့ရပါတယ်။  

ဒါ့အပြင် AA ရဲ့ ညီနောင်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့ကလည်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူတကွ ခိုင်မာစွာလက်တွဲပြီး တိုက်ပွဲ တွေဝင်ကြရမှာဖြစ်တယ်လို့ AA အဖွဲ့ဆီကို သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် NUG အနေနဲ့ အာဏာရှင်စနစ် တော်လှန်ရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအများစုနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်ခဲ့ပြီဆိုတာ ထင်ရှားနေပါတယ်။ လက်ရှိမှာ NUG အနေနဲ့ ပြည်ပအားကို အထိုက်အလျောက်ရထားပြီဖြစ်သလို ပြည်တွင်းအားကိုလည်း အတိုင်းအတာတစ်ခုထက် စုစည်းထားနိုင်ပြီဖြစ်လို့ ၂ နှစ်သားအစိုးရရဲ့ အာဏာရှင်စနစ်တော်လှန်ရေးအောင်ပွဲဟာ မဝေးတော့ဘူးလို့ ထင်မြင်မိပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly