ပုသိမ်တံတားအောက်တွင် ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားများ ဦးတည်ရာမဲ့ ပစ်ခတ်

By မင်းထက် (မဇ္စျိမ)
11 April 2023
ပုသိမ်တံတားအောက်တွင် ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားများ ဦးတည်ရာမဲ့ ပစ်ခတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ပုသိမ်တံတားအမှတ်(၂) အောက်တွင် ယနေ့ ဧပြီလ ၁၁ ရက်၊ ည ၇ နာရီ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (PSTF)မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု PSTF တာဝန်ခံကပြောသည်။

"စစ်သားနဲ့ရဲတွေ လုံခြုံရေးယူနေတဲ့အနားမှာ မိုင်းတစ်လုံးထားခဲ့ပြီး အဝေးထိန်းစနစ်နဲ့ဖောက်ခွဲခဲ့တာပါ၊ ရဲတစ်ယောက်ဒဏ်ရရပြီး တပ်ဆေးရုံကို ခေါ်သွားတယ်လို့ လောလောဆယ်သိရပါတယ်၊ ကျွန်တော်တို့အဖွဲ့တွေအားလုံး ဘေးကင်းပါတယ်"ဟု PSTF တာဝန်ခံက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟုသိရပြီး လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့သည်ဟုဒေခံ တစ်ဦးကပြောသည်။

"တံတားအောက်မှာ ဗုံးပေါက်ပြီး မြစ်ထဲမှာသွားနေတဲ့ စက်လှေတစ်စီးကို စစ်တပ်ကလိုက်ပစ်နေတာပါ၊ စစ်သားတွေကရမ်းပစ်တော့ တံတားနားမှာ ကြောက်လန့်ပြီးပြေးတဲ့ အမျိုးသမီးတစ်ယောက် သေနတ်မှန်သွားတယ်လို့ သိရတယ်"ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည် ငဝန်မြစ်အတွင်းသွားနေသည့် စက်လှေအား ပုသိမ်တံတား အမှတ်(၂)အောက်ခြေမှစတင်ပစ်ခတ်ခဲ့ပြီး ကျောက်ငူ(ပုသိမ်ထီး) အထိလိုက်လံပစ် ခတ်ခဲ့သည်ဟု ဒေသခံကပြောသည်။

စစ်ကောင်စီတပ်သားများလိုက်လံပစ်ခတ်နေသည့် စက်လှေမှာ ၎င်းတို့အဖွဲ့ဝင်များစီးလာသည့်စက်လှေမဟုတ်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံက မဇ္စျိမကိုပြောသည်။

"ပစ်တာတော့ အချက် ၂၀ လောက်ရှိတယ်၊ ရေပေါ်စျေးကလူတွေလည်း ဆိုင်ကယ်တွေထားပြီး ထွက်ပြေးကြတယ်၊

အခုတော့ ငြိမ်သွားပြီဗျ၊ မြို့တော်ခန်းမှာ စစ်သမီးတွေ သင်္ကြန်အတွက် ယိမ်းတိုက်ဖို့ရှိတယ်၊ အဲ့ဒီကို စစ်တပ်ကခန့်တဲ့ ဝန်ကြီးချုပ်လာမယ်ဆိုတော့ စစ်သားတွေ ယောက် ယက်ခတ်နေတာထင်တယ်။ကောင်လေးတစ်ယောက်ကိုလည်း ဖမ်းသွားကြတယ်"ဟု ဒေသခံကပြောသည်။

လက်ရှိတွင် ပုသိမ်မြို့ ကမ်းနားလမ်းရှိ ပုသိမ်တံတားအ မှတ်(၂)မှ ကျောက်ငူ(ပုသိမ်ထီး)အထိ စစ်ကောင်စီတပ်များ

ခြေရှုပ်နေသည်ဟုသိရပြီး ၊ မြို့ပေါ်တွင်လည်း စစ်ကားများပတ်နေကြသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သည့် ဒေသခံ၏အခြေအနေနှင့် ဗုံးထိမှန်ဒဏ်ရာရခဲ့သည့် ရဲတပ်ဖွဲ့ဝင်၏အခြေအနေကို မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ပုသိမ်

#ဗုံးပေါက်

#mizzimatv

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly