ကြည့်မြင်တိုင်မြို့နယ်တွင် ရေကစားမဏ္ဍပ်အနီးရှိ ဈေးဆိုင်များကို ပိတ်ခိုင်း

By မောင်ခက်နွေ(မဇ္ဈိမ)
11 April 2023
ကြည့်မြင်တိုင်မြို့နယ်တွင် ရေကစားမဏ္ဍပ်အနီးရှိ ဈေးဆိုင်များကို ပိတ်ခိုင်း
ပုံ - ကြည့်မြင်တိုင်မြို့နယ် ရေကစားမဏ္ဠပ် တည်ဆောက်နေမှု မြင်ကွင်း

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက် ကျောင်းကြီးလမ်းပေါ်တွင်ရှိသော မြို့နယ်ရေကစားမဏ္ဠပ်ကြောင့် ထိုလမ်းပေါ်တွင်ရှိသည့်ဈေးဆိုင်များကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ကစပြီး ‌ဆိုင်မထွက်ရဘဲ ပိတ်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရသည်။

ကြည့်မြင်တိုင်မြို့နယ် စည်ပင်ဝန်ထမ်းတွေက ဈေးဆိုင်တွေ ပိတ်ရုံမကဘဲ ပစ္စည်းများပါ ရှင်းထားဖို့ကိုပါ ပြောခဲ့တာဖြစ်တယ်ဟု ဆိုသည်။

"ကြည့်မြင်တိုင်မြို့နယ်ထဲက အုပ်ချုပ်ရေးမှုးအကုန်နီးပါး အဲ့မှာ စုနေတယ်”လို့ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ဆိုသည်။

ထိုနေရာသည် လူသွားလူလာများသည့်နေရာဖြစ်တာကြောင့် ပြည်သူလူထုကို အကာအကွယ်ယူကာ မဏ္ဍပ်ဆောက်ထားတာဖြစ်တယ်လို့ ဒေသခံ အများစုကလည်း သုံးသပ်ကြသည်။

"အဓိက မဏ္ဍပ်ကို အဲ့နေရာဆောက်ထားတာ အပေါ်မှာ ကျွန်တော်ပြောသလို သူတို့အတွက် အကာအကွယ် ဗျူဟာကြလို့ပဲ။ တစ်ခြားလွတ်လွတ်ကင်းကင်း လမ်းမတန်းနေရာတွေ အများကြီးဗျာ။ ဒီနေရာသေးသေးလေးမှာပဲလုပ်တာ အဖြေက ရှင်းပါတယ်" လို့ Kyimyindaing Scout ရဲ့ Admin တစ်ဦးကပြောသည်။

ယခင်က ကြည့်မြင်တိုင်မြို့နယ်ရေကစားမဏ္ဍပ်ကို သီရိမင်္ဂလာဈေးဟောင်းရှေ့ ကမ်းနားလမ်းမပေါ်မှာ တည်ဆောက်တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကွက်ထဲသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

ထိုမဏ္ဍပ်တွင် လူမိုက်များကို ညအိပ်ညနေထားပြီး တာဝန်ယူခိုင်းထားသည့်အပြင် ထိုလူမိုက်များ၏ မိသားစုဝင်တွေပါ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရှင်းပြသည်။

ကြည့်မြင်တိုင်မြို့နယ်က ထွေအုပ်ရုံး၊ ရပ်ကျေးရုံး ၊ လဝကရုံးနဲ့ စည်ပင်ရုံးတို့က ဝန်ထမ်းတွေကို မလာမနေရ သတ်မှတ်ထားပြီး လူမိုက်တွေရဲ့ မိသားစု ဆွေမျိုးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပါ မလာမနေရ သတ်မှတ်ထားတယ်လို့ ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ရှေ့ ပြည်လမ်းပေါ်မှာ စစ်ကောင်စီက ဆောက်လုပ်ထားသည့် တိုင်းဗဟိုမဏ္ဍပ်ကို စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dark Shadow အဖွဲ့၏ အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

စစ်ကောင်စီ၏ မဏ္ဍပ်များကို အဓိကထားတိုက်ခိုက်နေသည့် Dark Shadow အဖွဲ့ကတော့ နောက်ထပ်တိုက်ခိုက်မှုတွေ ရှိဦးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ မဏ္ဍပ်တွေနားမသွားဖို့ကိုလည်း သတိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကြည့်မြင်တိုင်မြို့နယ်

#ရေကစားမဏ္ဍပ်

#ဈေးဆိုင်များ

#DarkShadow

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly