နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်

By 001 (မဇ္စျိမ)
11 April 2023
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်

စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများနှင့် Brilliant Aura ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်မြို့တော်ခန်းမရှေ့ ပျဉ်းမနား- တောင်ညိုလမ်းမတွင် ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ပျဉ်းမနား- တောင်ညိုလမ်းမ လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာရှိ လမ်းတစ်ခြမ်းကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားပြီး ယင်းနေရာ အနီးတစ်ဝိုက်တွင်လည်း လုံခြုံရေးကင်းတဲများချ၍ ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်လျက်ရှိသည့်အပြင် ပြင်ပယူနီဖောင်းများဖြင့် စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်း အများအပြားလည်းရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

“အာဏာမသိမ်းခင်ကတော့ ဆိုင်တွေမှာ သင်္ကြန်ဆို ပရိုမိုးရှင်းလုပ်ကြတာတွေ၊ သင်္ကြန်ပစ္စည်းတွေရောင်းတာတွေ၊ အလှဆင်တာတွေ လုပ်ကြတယ်။ အခုတော့ အဲ့ဒီလိုမျိုး သိပ်မတွေ့ရဘူး။ ကျွန်မတို့လည်း အရင်က အလှူအတန်းတွေ ဘာတွေလုပ်ဖြစ်တယ်။ ဒီနှစ်တော့ လုပ်ချင်စိတ်မရှိဘူး။ ကိုယ်ဟာကိုယ် အိမ်ထဲပဲနေမယ်”ဟု နေပြည်တော် ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် သင်္ကြန်ကာလ၌ နေပြည်တော် လမ်းမကြီးများပေါ်တွင် လည်ပတ်သူများ မရှိသလောက်နည်းခဲ့ပြီး စစ်ကောင်စီက ဦးဆောင်ပြုလုပ်သည့် နေပြည်တော်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်တွင်လည်း စည်ကားမှုမရှိခဲ့ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် လမ်းလျှောက်သင်္ကြန်တွင် စစ်ကောင်စီက သနပ်ခါးသင်္ကြန်နှင့် လူငယ်ဇုန်၊ တိုင်းရင်းသားသင်္ကြန်ဇုန် စသည်ဖြင့် ပြုလုပ်ထားသည့်အပြင် ဝန်ကြီးဌာနအလိုက် အလှည့်ကျ ယိမ်းအဖွဲ့များလည်း ထည့်သွင်းထားကြောင်း သိရသည်။

စစ်ကောင်စီက နေပြည်တော် သင်္ကြန်စည်ကားစေရန်အတွက် ဝန်ထမ်းများကို နေရပ်မပြန်ခိုင်းမှုများလည်းရှိကြောင်း ဝန်ထမ်းမိသားစုဝင်အချို့ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#နေပြည်တော်

#သင်္ကြန်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly