ဒေါင်းတို့မျိုးဆက် သံချပ်အသင်း ၁၀ နှစ်ပြည့် အညာမြေတွင် သံချပ်ထိုး ‌ဖျော်ဖြေသွားမည်

By မိုးသောက် (မဇ္ဈိမ)
11 April 2023
ဒေါင်းတို့မျိုးဆက် သံချပ်အသင်း ၁၀ နှစ်ပြည့် အညာမြေတွင် သံချပ်ထိုး ‌ဖျော်ဖြေသွားမည်

ဒေါင်းတို့မျိုးဆက်သံချပ်အသင်း၏ မဟာသင်္ကြန်ကာလဖျော်ဖြေမှု ၁၀နှစ်ပြည့်သည့် ယခုနှစ်သင်္ကြန်ကာလတွင် အညာဒေသရှိ မီးလောင်ပြင်များကြားတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သံချပ်တိုက်ခြင်းများပြုလုပ်နေပြီး သင်္ကြန်အကြိုနေ့မှစ၍ စတင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အသင်းမှတာဝန်ရှိသူ ကိုဇေယျာလွင်က မဇ္ဈိမသို့ပြောသည်။

ဒီနှစ်တော့ သံချပ်ထွက်ဖြစ်ပါတယ်။ အခုလည်းတိုက်နေပါတယ်။ ကျနော်တို့ ၁၂ရက်‌နေ့မှာ သံချပ်ထိုးမှုကို စတင်ပါမယ်” ဟု ၎င်းကပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည့် ပြီးခဲ့သည့်နှစ်ကလည်း ကရင်ပြည်နယ်အတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှ သံချပ်ထိုးပြီး လက်ရှိတော်လှန်ရေးကို ဝေဖန်ထောက်ပြခြင်းများအပါအဝင် ဖျော်ဖြေတင်ဆက်မှုများကိုပြုလုပ်ခဲ့သည်။

ယခုနှစ်တွင် အညာဒေသရှိ ပြည်သူများ၏မီးလောင်ခံထားရသည့်အခြေအနေများ၊ စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားမှုများနှင့် တော်လှန်ဘက်ခြမ်းရှိ မြေပြင်အခြေအနေများကို သံချပ်ထိုးဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးကာလတွင် လူငယ်များကျောင်းသားသမဂ္ဂများနှင့်တော်လှန်ရေးအင်အားစုများအနေဖြင့် နေရာအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် သံချပ်ထိုးဖျော်ဖြေမှုများကို တင်ဆက်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်မှာ ကျရောက်မည့်သင်္ကြန်ပွဲမှာ သံချပ်ထိုးဖျော်ဖြေခြင်းများမပြုလုပ်ရန်အတွက် စစ်ကောင်စီဘက်က တရားဝင်တားမြစ်ထားသည်။

ထိုသို့စစ်ကောင်စီဘက်က တားမြစ်မှုနှင့်ပတ်သက်ပြီး ကိုဇေယျာလွင်က “စစ်အာဏာရှင်ရယ်မှ မဟုတ်ပါဘူး။ ဘယ်အစိုးရတက်တက်ပါ အစိုးရကတော့ သူတို့ကိုဝေဖန်ပြောဆိုမယ့် ဘယ်စင်မြင့်ကိုမှ လွတ်လပ်စွာပြောခွင့်ပေးမှာမဟုတ်ဘူး။ ကျနော်ကအဲလိုပဲ နားလည်လိုက်တယ်။ NLDအစိုးရလက်ထက်တုန်းကလည်း သံချပ်တွေကိုဆင်ဆာလုပ်တာပဲ။ စစ်အာဏာရှင်တွေက ဒါတော့ပိတ်ပင်လိုက်တာပေါ့ ဆင်ဆာမဟုတ်တော့ဘဲ ပိတ်ပင်လိုက်တာပေါ့။ ဒါက စစ်အာဏာရှင်တွေရဲ့စရိုက်ကိုပြတာ” ဟုသူ့အမြင်ကိုပြောသည်။

စစ်ကောင်စီဘက်ကတားမြစ်မှုများကို ယခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း မဟာသင်္ကြန်ကာလတွင် သံချပ်ဖျော်ဖြေမှုများ မရှိတော့သည်မှာ စစ်အာဏာသိမ်းပြီးကတည်းကပင် ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဒေါင်းတို့မျိုးဆက်

#သံချပ်အသင်း

#အညာမြေ

#သံချပ်ထိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly