ယုဇနဥယျာဥ်မြို့တော်တွင် တိုက်ခန်းအတွင်းမီးစက်နှိုး၍ လေအေးပေးစက်ဖွင့်အိပ်ရာမှ လူ ၃ ဦးသေဆုံး

By ဂန္ဓမာ (မဇ္ဈိမ)
11 April 2023
ယုဇနဥယျာဥ်မြို့တော်တွင် တိုက်ခန်းအတွင်းမီးစက်နှိုး၍ လေအေးပေးစက်ဖွင့်အိပ်ရာမှ လူ ၃ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဥ်မြို့တော်တွင် မီးပျက်ချိန် တိုက် ခန်းအတွင်း မီးစက်နှိုး၍ လေအေးပေးစက် (Air Cooler) ဖွင့်အိပ်ရာမှ လူကြီးနှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်အမြင်ကတော့လေ တိုက်ခန်းထဲမှာ အလုံပိတ်နေတဲ့အတွက် လှောင်ပြီးတော့ အောက်ဆီဂျင် ပြတ်တဲ့ပုံစံမျိုးဖြစ်တယ်။ သူတို့မှာ အရင်ရောဂါအခံလည်း ရှိချင်ရှိလိမ့်မယ်။ အမြင်အရတော့ လျှပ်စစ်မီး ကြောင့်တော့မဟုတ်ဘူး” ဟု ရွှေသန်လျင်နာရေးကူညီမှုအသင်း(ဒဂုံ)မှ တာဝန်ရှိသူက မဇ္ဈိမသို့ဖုန်းဖြင့် ဖြေကြားသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် ယုဇနဥယျာဥ်မြို့တော်နေ အသက်(၅၀) ကျော် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၃၀) ကျော်အရွယ် အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်းအတွင်း အိပ် နေစဥ်သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ အသက်(၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း ပရဟိတအဖွဲ့များက ပြောသည်။

“ကလေးကတော့ ဆေးရုံပို့ပေးလိုက်တာပဲ။ ဒါပေမယ့် ဒီနေ့မနက်မှာ ဆုံးသွားတယ်ပြောတယ်။ ဒီမနက်မှ ဟယ်လ်ပင်ဆေးရုံမှာဆုံးတဲ့ကလေးမလေးက မြေးထင်တယ်။ မနေ့ကသေတဲ့ နှစ်ယောက်ကတော့ သား အမိထင်တယ် ” ဟု လင်းပရဟိတအဖွဲ့က မဇ္ဈိမသို့ ဖုန်းဖြင့်ဖြေကြားသည်။

၎င်းတို့မှာ ပန်းထိမ်လုပ်ငန်းလုပ်သူများဖြစ်ကြပြီး သင်္ကြန်နားနီး၍နေရပ်သို့ အသီးသီးပြန်ကြချိန်တွင် ယခု ဖြစ်စဉ်ဖြစ်ပွားခြင်းဟု သိရသည်။

ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်ချိန်များ ပိုများလာကာ ပုံမှန်မီးရရှိခြင်းမရှိသလို ရာသီဥတုမှာလည်း ပိုမိုပူပြင်းလာသည့်အတွက် အရာရာကို သတိဝီရိယထားပြီး လေဝင်လေထွက်ကောင်းသည့်နေရာများတွင် နေထိုင်ရန်လိုအပ်ကြောင်း ပရဟိတအဖွဲ့တစ်ခုက အသိ ပေးမှတ်ချက်ပြုသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ယုဇနဥယျာဥ်မြို့တော်

#ရန်ကုန်

#ပန်းထိမ်

#မီးစက်

#လေအေးပေးစက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly