ရန်ကုန်−မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးသေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
11 April 2023
ရန်ကုန်−မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးသေဆုံး

ရန်ကုန်−မန္တလေး အမြန်လမ်း၊ နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင် အမှတ် (၈၉/၀) နှင့် (၈၉/၁)ကြားတွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က Wish ခဲရောင် အိမ်စီးကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားသည်။

အဆိုပါယာဉ်သည် အရှိန်မထိန်းနိုင်သောကြောင့် လမ်းဘေး ကတ်တုံးအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်လိုက်ပါလာသော လင်မယား နှစ်ဦးအနက် အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသားဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကားက အရှိန်မထိန်းနိုင်တော့ ဝင်တိုက်မိသွားတာပါ၊ ထိတာက အမျိုးသမီးရှိတဲ့ ဘက်ခြမ်းကို ထိသွားတာဖြစ်တဲ့အတွက် အမျိုးသမီးဖြစ်သူကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ အမျိုးသားကတော့ ဒဏ်ရာရပါတယ်၊ အရမ်းပြင်းထန်တော့ မဟုတ်ပါဘူး၊ လက်ရှိ မြို့ချောင်းဆေးရုံကို ပို့ပေးထားပါတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး သွားရောက်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်−မန္တလေးအမြန်လမ်းတွင် ယခုလအတွင်း ယာဉ်မတော်တဆမှုများ ရက်ဆက်ဆိုသကဲ့သို့ ဖြစ်ပွားနေပြီး ဧပြီလ ၄ ရက်နေ့မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့အထိ ယာဉ်မတော်တဆမှုပေါင်း ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က ပြောသည်။

ဧပြီလ ၄ ရက်မှ ၁၀ ရက်နေ့အတွင်းဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုများအတွင်း အမျိုးသမီး သုံးဦး၊ အမျိုးသား လေးဦး သေဆုံးကာ ခုနစ်ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်−မန္တလေးအမြန်လမ်းသည် မိုင်အားဖြင့် ၃၆၄ မိုင် ရှည်လျားပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်မန္တလေးအမြန်လမ်း

#မတော်တဆ

#အမျိုးသမီးသေဆုံး

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly