ဘီးလင်းက စစ်ကောင်စီတပ် ဂိတ် ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By YT (မဇ္ဈိမ)
11 April 2023
ဘီးလင်းက စစ်ကောင်စီတပ် ဂိတ် ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကဇိုင်းဆည်အနီးရှိ ဘီးလင်းအခြေစိုက် ခမရ (၃) တပ်ရင်း၏ အရှေ့ဂိတ်နှင့် အနောက်ဂိတ်ကို KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် တပ်မဟာ (၁) KNU၊ KNLA၊ PDF၊ KRF၊ PPDF- KD၊ ကျိုက်ထို ပ.က.ဖ၊ ဘီးလင်း ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ခမရ (၃) ၏ ဗဟိုကင်းဂိတ်နှင့် ဝင်ပေါက်ဂိတ်အား ပစ်မှတ်ထား၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ရကြောင်း သထုံခရိုင် PDF တာဝန်ခံက ပြောသည်။

"ကျွန်တော်တို့ လုပ်လိုက်တာက ဝင်ပေါက်ဂိတ်နဲ့ ဗဟိုကင်းဂိတ်ကိုပါ၊ ဗဟိုကင်းဂိတ်ပေါ်ကို ကျတယ်၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတော့ မသိရသေးဘူး၊ ကျွန်တော်တို့ဘက်က ဒရုန်းတစ်စီး ပျက်ကျခဲ့ပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဗုံးသီးသည် ခမရ (၃) ၏ ဗဟိုကင်းတဲအပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်၊ အကျအဆုံးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပြန်လည်ပစ်ခတ်မှုများကြောင့် ဘီးလင်းမြို့နယ်၊ ပိုင်ထားဝယ်ကျေးရွာမှ ဒေသခံနေအိမ်တစ်လုံး၏ နောက်ဖေးမီးဖိုချောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

" စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ၁၀ ချက်ခန့် ပြန်ပစ်တယ်၊ ပြည်သူနေအိမ် တစ်လုံး နောက်ဖေး မီးဖိုချောင်ကို ထိမှန်တယ်" ဟု ကိုအေးမင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ဘီးလင်းအခြေစိုက် မဲလံ BGF စခန်းအား တပ်မဟာ(၁) KNU ၊ KNLA၊ KRF၊ PPDF- KD၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ မဲလံစခန်းရှိ အရာရှိနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ အချို့ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဘီးလင်း

#ခမရ(၃)

#စကစ

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly