ရှမ်း-ကယားဒေသ ၂ လအတွင်း တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော်တိုးလာပြီး လေကြောင်းတိုက်ခိုက်ခံရမှု ၃၆ ကြိမ်ထက်မနည်းရှိ

By 001 (မဇ္စျိမ)
11 April 2023
ရှမ်း-ကယားဒေသ ၂ လအတွင်း တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော်တိုးလာပြီး လေကြောင်းတိုက်ခိုက်ခံရမှု ၃၆ ကြိမ်ထက်မနည်းရှိ

အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး နှစ်လအတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော်တိုးလာပြီး လေကြောင်းတိုက်ခိုက်ခံရမှုလည်း ၃၆ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmarက ဧပြီလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အဆိုပါနှစ်လတာအတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၈၂ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးမကြေညာခင် နှစ်လအတွင်း တိုက်ပွဲဖြစ်ပွားမှု ၂၃ ကြိမ်ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။

“ထူးခြားတာက စစ်ကောင်စီထိုးစစ်နဲ့အတူ တိုက်ပွဲပိုဖြစ်လာပေမဲ့ ကရင်နီတပ်တွေဘက်မှာ အရေးပါတဲ့ နယ်မြေဆုံးရှုံးမှု မရှိသေးပါဘူး။ ဒါ့အပြင် ရှားတောမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း လေးခုကိုလည်း ကရင်နီတပ်တွေဘက်က သိမ်းယူခဲ့ပါတယ်။ အခုအချိန်အထိ နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ရှိန်လျော့ကျသွားမယ့် အလားအလာမရှိနိုင်ဘူးလို့ ယူဆရပါတယ်” ဟု ISP Myanmarက ဆိုထားသည်။

စစ်ကောင်စီတပ်က ရှားတော၊ ဘော်လခဲ၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များကို အဓိကထားပြီး ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် ပြီးခဲ့သည့် မတ်လက စတင်ပြီး ယခု ဧပြီလအထိနေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကိုလည်း တောက်လျှောက်ပြုလုပ်လျက်ရှိကြောင်း KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁၀ ရက်နေ့က မဇ္စျိမကို ဖြေဆိုထားသည်။

အဆိုပါ နေရာများတွင် ခုခံတော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးယန္တရားချဲ့ထွင်နိုင်မှုအားကောင်းပြီး စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးမြို့ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်မှု လုပ်လာနိုင်သည့်နေရာများဖြစ်ကြောင်း ISP Myanmar က ပြောထားသည်။

စစ်ကောင်စီတပ်အနေဖြင့် အင်အား ၁,၅၀၀ ပါသည့်စစ်ကြောင်း ၁၂ ကြောင်းကို အသုံးပြုပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ယခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ထိုးစစ်ဆင်မှု စတင်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး နှစ်လအတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၂၆,၀၀၀ ကျော်တိုးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့အနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရ ၂ ဒသမ ၅သန်းကျော်ရှိပြီး ထိုအထဲတွင် ကယားပြည်နယ်နှင့် ရှမ်း-ကယားနယ်စပ်တွင် တိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည် သုံးသိန်းနီးပါးရှိနေကြောင်း ISP Myanmar၏ စာရင်းအရ သိရသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ် ၄၇ မြို့နယ်ရှိပြီး ကယားပြည်နယ်တွင် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်များ ပါဝင်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်အုပ်ချုပ်ရေး

#ကယားပြည်နယ်

#ISPMyanmar

#ရှမ်းပြည်နယ်တောင်ပိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly