မိုးကုတ်တွင် စခန်းမှူးနှင့်အဖွဲ့က သိန်း ၅၀ ဓါးပြတိုက်တောင်းမှု ဖြေရှင်းပေးရန် တောင်းဆို

မိုးကုတ်တွင် စခန်းမှူးနှင့်အဖွဲ့က သိန်း ၅၀ ဓါးပြတိုက်တောင်းမှု ဖြေရှင်းပေးရန် တောင်းဆို
 ပိန်းပြစ်အောက်ကျေးရွာနေ ဦလူမောင် နှင့် ဒေါ်ညိုရီတို့၏ နေအိမ် (ဓာတ်ပုံ- ဆုဆုရှိ)

ပြင်ဦးလွင်၊ မတ် ၂၃ ။             ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပိန်းပြစ်အောက်ကျေးရွာရှိ တိုင်းရင်းသားမိသားစုထံမှ ပိန်းပြစ်အောက်ရွာ စခန်းမှူး ဦးခင်မောင်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးက ငွေကျပ် သိန်း ၅၀ကို အဓမ္မ တောင်းယူသွားသည့်အတွက် ဖြေရှင်းပေးရန် တိုင်ကြားထားသော်လည်း လေးလကြာသည်အထိ အရေးယူခြင်း မရှိသေး၍ ထပ်မံတောင်းဆိုလိုက်သည်။

ဦးခင်မောင်ဌေးနှင့် အဖွဲ့က နိုဝင်ဘာ ၁၈ရက်က အရပ်ဝတ်ဖြင့် အိမ်သို့လာရောက်ကာ အဓမ္မတတောင်းခဲ့ကြသည်ကို နိုဝင်ဘာ ၂၀ရက်တွင် အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်ဟု ဆိုသည်။

''သိန်းလေးရာလောက်ရခဲ့တယ်။ ငါတို့ကိုသိန်းတစ်ရာပေး၊မပေးရင် မင်းတို့ကို လက်ထိပ်ခတ်ပြီး အချုပ်ထဲထည့်မယ်လို့ ခြိမ်းခြောက်တယ်" ဟု တရားလိုအဖြစ် တိုင်ကြားသူ ဓါးပြတိုက်ခံရသည့် အိမ်၏ သမီးအကြီးဖြစ်သူ မနီနီဝင်းက ပြောသည်။

ပိန်းပြစ်အောက်ကျေးရွာနေ ဦလူမောင် နှင့် ဒေါ်ညိုရီတို့၏ သမီးငယ်မဖြူဖြူဝင်းမှာ လောက်ကိုင်မြို့တွင် အိမ်ဖော်အဖြစ် သွားရောက်အလုပ်လုပ်ကိုင်ကာ ရရှိလာသော လုပ်ခလစာ နှင့် အိမ်ရှင်မိသားစုက   ှမုန့်ဖိုးအဖြစ်ပေးသည့် ငွေ စုစုပေါင်း ကျပ်သိန်းတစ်ရာငါးဆယ်ခန့်ရရှိကာ  အောက်တိုဘာ ၂၉ရက်တွင် မိုးကုတ်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းငွေများကို ဦးခင်မောင်ဌေးနှင့် အဖွဲ့က နိုဝင်ဘာ ၁၈ရက်က လာရောက်တောင်းယူခဲ့ပြီး လာရောက်တောင်းယူစဉ် လက်ကိုင်ဖုန်းများ အသုံးမပြုရန်၊ အိမ်တံခါးများပိတ်ရန်၊ အသံမထွက်ရန်၊ အသံကျယ်ကျယ်မငိုရန် နှင့် အိမ်ပြင်မထွက်ရန်မ ခြိမ်းခြောက်မှုကြောင့် ငွေကျပ်သိန်း ၅၀ကို ပေးလိုက်ရသည်ဟု ဆိုသည်။ ယင်းနောက် ရဲစခန်းမှ သေနတ် ငါးချက်ဖောက်သံကိုလည်း ကြားရသည်ဟု မနီနီဝင်းက ပြောသည်။

ယင်းဖြစ်စဉ်ကို နိုဝင်ဘာ ၁၉ရက်က ပိန်းပြစ်အောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်ထံသွားရောက်တိုင်ကြားရာ အုပ်ချုပ်ရေးမှူးက ညှိနှိုင်းပေးမှုဖြင့် နိုဝင်ဘာ ၂၀ရက်က သိန်း ၂၀ လာပေးခဲ့သော်လည်း သိန်း ၅၀ ရမှကျေနပ်မည်ဟုဆိုကာ လက်မခံခဲ့ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မတ္တရာမြို့နယ် ရဲမှူးဦးညီညီထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ယင်းအမှုကိုစုံစမ်းစစ်ဆေးပြီး ရဲချုပ်ထံတင်ပြထားပြီးဖြစ်ကြောင်းပြောသည်။ ဆက်လက်သိရှိလိုပါက တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးကိုဆက်သွယ် မေးမြန်းရန်ပြောကြားခဲ့သည်။ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

''ရဲတရားရုံးဖွဲ့ပြီးတော့မှ ဘာသတင်းမှမကြားဘူး။ ဘာသတင်းမှမကြားတော့ ဒီအတိုင်းပဲစောင့်ကြည့်နေရတာ၊ကြာလည်းကြာပြီ၊ ၁၂လပိုင်း၁၈ရက်နေ့က အမှုစစ်တာ နောက်ဆုံးအမှုကိုစစ်ပြီးမှ ရဲတရားရုံးကိုဖွင့်လိုက်တာ၊အဲ့ကတည်းက ခုထက်ထိဘာသတင်းမှမကြားဘူး''ဟု မနီနီဝင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly