ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများကို ဆေးကုသနိုင်ရေးဆောင် ရွက်နေဟု NUG ဆို

By မိုးသောက် (မဇ္ဈိမ)
11 April 2023
ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများကို ဆေးကုသနိုင်ရေးဆောင် ရွက်နေဟု NUG ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီ တပ်ကပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများ ဆေးကုသနိုင်ရေးဆောင်ရွက် နေသည်ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် လူအများအပြား သေဆုံးခဲ့ရကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။

“ဒဏ်ရာရသူတွေကိုအမြန်ဆုံး ကုသနိုင်ဖို့ဆောင်ရွက်နေတာရှိပါတယ်။ အခြားလိုအပ်တဲ့ ကူညီစောင့်‌ ရှောက်မှုတွေလုပ်ဖို့ ချိတ်ဆက်ပြီးဆောင်ရွက်နေတာ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်ကောက်ယူမှုများပြုလုပ်နေပြီး နိုင်ငံတကာသို့ မှတ်တမ်းများပေးပို့နိုင်ရေး အချိန်နှင့်တပြေးညီ လုပ်ဆောင်နေကြောင်း ပြောသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးဖွင့်ပွဲပြုလုပ်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း NUG အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိနေသည်ဟုသာ ဦးနေဘုန်းလတ်ကဆိုသည်။

“ပအဖရုံးခန်းဖွင့်ပွဲလို့တော့ လတ်တလောသိထားပါတယ်။ ကျနော်တို့အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါ တယ်” ဟု ၎င်းကပြောသည်။

အတည်မပြုနိုင်သေးသောသတင်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာမှ ဒေသခံ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ၊ သေဆုံး၊ ပျောက်ဆုံးမှုများရှိခဲ့ပြီး မဇ္ဈိမက ဆက်လက် စုံစမ်းနေသည်။

မည်သည့်အကြောင်းကြောင့်တိုက်ခိုက်ခဲ့သည့်ဖြစ်စေ စစ်ကောင်စီဘက်မှ အရပ်သားပစ်မှတ်များအပေါ် ကျူးလွန်ခဲ့သည့် အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် နောက်ထပ်အမှုတစ်ခုဖြစ်ကြောင်းလည်း NUG ဘက်မှဆိုထားသည်။

စာတည်း။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ကန့်ဘလူမြို့နယ်

#ပဇီကြီးကျေးရွာ

#လေကြောင်းတိုက်ခိုက်

#လူအစုလိုက်အပြုံလိုက်သေဆုံး

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly